၁၈.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အလိုက် စားသုံးဆီအမှန်တကယ်လိုအပ်လျက်ရှိသော MSME လုပ်ငန်းများဖြစ်သည့် အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များစသည့် ဆိုင်သေးများကို ခွဲတမ်းရရှိသည့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီကိုတာထဲမှ စီမံဝယ်ယူခွင့်စာအုပ်များဖြင့် ပြန်လည်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။

ဩဂုတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးမင်းသိန်းထွန်း၏ “MSME လုပ်ငန်းများဖြစ်သည့် အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များသို့ စားသုံးဆီအပြည့်အဝရရှိရေးနှင့် စားသုံးဆီကို အခြားမီးဖိုချောင်သုံးပစ္စည်းများနည်းတူ မထိန်းချုပ်ဘဲ ဈေးကွက်စီးပွားရေးစနစ်အတိုင်းသာ ဆောင်ရွက်ပေးရေးနှင့် စပ်လျဉ်းသည့်ကြယ်ပွင့်ပြမေးခွန်း” ကို တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က “ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ယခုနှစ် ဩဂုတ် ၁၀ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များစသည့် ဆိုင်သေးများအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီ (၂၄၉၀) ပိသာ၊ တန်ချိန်အားဖြင့် (၄၄၇ ဒသမ ၂၆)တန်ကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသလို ဆက်လက်ပြီးတော့လည်း ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အမှန်တကယ်လိုအပ်လျက်ရှိသော MSME လုပ်ငန်းများဖြစ်သည့် အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များစသည့် ဆိုင်သေးများကို ခွဲတမ်းရရှိသည့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီကိုတာထဲမှ စီမံဝယ်ယူခွင့်စာအုပ်များဖြင့် ပြန်လည်ရောင်းချပေးရန် အစီအစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင် (ကြီး၊ ငယ်၊ လတ်) လုပ်ငန်းလျှောက်ထားမှုများအား မြန်မာနိုင်ငံ စားသုံးကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှလည်းကောင်း၊ ဟိုတယ်လုပ်ငန်းများအတွက် လျှောက်ထားမှုများအား မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှလည်းကောင်း၊ ပဲခွဲစက်လုပ်ငန်းများအတွက် လျှောက်ထားမှုများအား မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် ပြောင်းကုန်သည် ရောင်းဝယ်နှံထွက်သူများအသင်းမှလည်းကောင်း၊ စက်မှုလုပ်ငန်းများအတွက် လျှောက်ထားမှုများကို မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ လည်းကောင်း၊ စက်မှုလုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီလျှောက်ထားမှုများကို သတ်မှတ် Criteria များအတိုင်းစီစဉ်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။
ထို့နောက် ကြယ်ပွင့်ပြမေးခွန်း၏ ဒုတိယပိုင်းဖြစ်သည့် စားသုံးဆီကို အခြားမီးဖိုချောင်သုံး ပစ္စည်းများနှင့်အတူ မထိန်းချုပ်ဘဲ ဈေးကွက်စီးပွားရေးစနစ်အတိုင်းသာ ဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ စားသုံးဆီတင်သွင်းသူများကို ၂၀၂၁၊ ၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ခွဲတမ်းစနစ်ဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးဆီသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်စည်ထဲတွင် ပါဝင်ပြီး နိုင်ငံတော်၏ မူဝါဒအတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည့်အတွက် စားသုံးဆီကို အခြားမီးဖိုချောင်သုံး ပစ္စည်းများကဲ့သို့ မထိန်းချုပ်ဘဲ ဈေးကွက်စီးပွားရေးစနစ်အတိုင်းသာ ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ဖြေကြားခဲ့သည်။

