◾ ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခြင်းနှင့် သက်သာသော ဈေးများဖြင့် ရောင်းချပေးမည့် အစီအစဉ်ကို MRF ထုတ်ပြန်
သက်တံ့
၁၈. ၈. ၂၀၂၆
ရေဘေးသင့်ဒေသများကို ဧည့်မထဆန်တစ်အိတ် ကျပ် ၇၀၀၀၀ နှင့် နေပြည်တော်၊ ရန်ကုန်မြို့ရှိပြည်သူများအတွက် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၂၀၀၀၀၀ ၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် ကျပ် ၁၅၀၀၀၀ ဖြင့် ရောင်းချပေးမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ယနေ့ ကြေညာသည်။
မြန်မာနိုင်ငံရှိ စားသုံးသူ ပြည်သူလူထု အများစုသည် ဆန်ဟောင်းနှင့် စပါးဟောင်း (ဆန်ကြိတ်သစ်) ကို ပိုမိုရွေးချယ် ဝယ်ယူစားသုံးကြသည်ဖြစ်ရာ ဆန်စက်များ၊ ကုမ္ပဏီများနှင့် ဆန်ကုန်သည်/ ပွဲရုံအများစုသည် ဆန်စပါး ဝယ်ယူသိုလှောင်ထားခြင်းကို စပါးပေါ်ချိန်တွင် ဆောင်ရွက်ပြီး ဈေးကွက်အတွင်းသို့ လိုအပ်ချက်နှင့်အညီ ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ထားကြသည်မှာ မြန်မာ့ ဆန်စပါးလုပ်ငန်း၏ အခြေအနေမှန်ပင် ဖြစ်သည်။
ယခုနှစ် နွေစပါးရာသီမှ ထွက်ရှိမှုအပြင် ယခင်နှစ် မိုးစပါးရာသီက ထွက်သော စပါးဟောင်း၊ ဆန်ဟောင်းများကိုပင် ကြိတ်ခွဲထုတ်လုပ်ကာ သိုလှောင်ဖြန့်ဖြူး ရောင်းချပေးနေဆဲ ဖြစ်သည်။ ယခုနှစ်ကုန်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ယခင်နှစ်က ထွက်ရှိမှုဖြင့် ဈေးကွက် လိုအပ်ချက်အတိုင်း အခက်အခဲ မရှိဘဲ နှစ်စဉ် ဖူလုံလောက်ငှစွာ ထုတ်လုပ်ရောင်းချပေးနိုင်သည်။ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ နေရာဒေသအချို့တွင် ရေကြီးမှုများကို အကြောင်းပြ၍ အချို့သော ရောင်းချသူများသည် စားသုံးသူပြည်သူများ စိုးရိမ်ပူပန်စိတ်များ ဖြစ်စေရန်နှင့် ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ဆောင်သည်ကို ကြားသိရသည်။ ထိုသို့ ဆန်စပါးဈေးကွက်နှင့် ဆန်စပါးလုပ်ငန်း၏ သဘောသဘာဝကို သိရှိသော်လည်း မိမိ သိုလှောင်ထားမှုအပေါ် သင့်တင့်မျှတသည်ထက် များစွာ မြှင့်တင်ထားသော ဈေးများဖြင့် ရောင်းချခြင်းကို မပြုလုပ်ရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင် ဆောင်ရွက်မှုများ မပြုလုပ်ရန် ဝိုင်းဝန်းသတိပေးတားမြစ်ရမည် ဖြစ်သည်ဟု MRF ကဆိုသည်။
ထို့အတွက် ဆန်စက်များ၊ ကုမ္ပဏီများနှင့် ဆန်ကုန်သည်/ပွဲရုံများ၊ လက်လီလက်ကား ဆန်အရောင်းဆိုင်များအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး သက်သာသော ဈေးများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မိမိတို့ ပတ်ဝန်းကျင်အသီးသီးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးတွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ရောင်းချပေးရန် မေတ္တာရပ်ခံထားသည်။
ထိုသို့ ဈေးကွက်ဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် သင့်တင့်မျှတစေရန် အလို့ငှာ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့်လည်း ဧရာဝတီ/ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧည့်မထဆန်များကို သင့်တင့်သော ဈေးများဖြင့် စားသုံးသူ အိမ်ထောင်စုများထံသို့ တစ်ဖက်ပါ အစီအစဉ်အတိုင်း ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ပြီး (၁) ဧည့်မထ ၁၅ % အဆင့် (၂၄ ပြည် – ၁၀၈ ပေါင်) အိတ်ကြီး အိတ်ရေ (၁) သိန်းကို ရေကြီး နစ်မြုပ်မှုဖြစ်ပေါ်သော ဒေသများသို့ ဖြန့်ဝေမည့် ပရဟိတအဖွဲ့အစည်းများ၊ အခြားသော လူမှုရေးအဖွဲ့အစည်းများအတွက် တစ်အိတ်လျှင်(၇၀၀၀၀) ကျပ်နှုန်းဖြင့် ထုတ်ရောင်းပေးခြင်း။
(၂) ပြည်ထောင်စုနယ်မြေ (နေပြည်တော်) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရွှေဘိုပေါ်ဆန်း (၂၄ ပြည် – ၁၀၈ ပေါင်) တစ်အိတ်လျှင် (၂၀၀၀၀၀) ကျပ်နှုန်း၊ ဧရာဝတီပေါ်ဆန်း (၂၄ ပြည် – ၁၀၈ ပေါင်) တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်နှုန်း ဖြင့် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် K Pay ငွေ ဝင်ရောက်ပြီး (၅) ရက်အတွင်း ပို့ဆောင်ပေးသည့် စနစ်ဖြင့် ရောင်းချပေးခြင်းဖြင့် ဆောင်ရွက်ပေးမည်ဟု သိရသည်။
ဆက်သွယ်မှာယူလိုသူများအနေဖြင့် MRF ၏ Viber နံပါတ်များဖြစ်သော ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ နံပါတ်များနှင့် Email: [email protected] သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။


