နေမိုး
၁၈. ၆. ၂၀၂၆
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အမျိုးသမီးကြီးတစ်ဦးအား လက်နက်ကိုင်များ ဝိုင်းဝန်းသတ်ဖြတ်နေသောရုပ်သံမှာ ဝါရာဇွပ်ပြည်သူ့စစ်များ သတ်ဖြတ်ခြင်းမဟုတ်ကြောင်း ယနေ့တွင် ငြင်းဆိုလာသလို ပျံ့နှံ့နေသောရုပ်သံနှင့် လက်နက်ကိုင်များ ဝတ်ပုံစားပုံ၊ လေသံဟန်ပန်မှာ အညာဒေသ ပုံစံဖြစ်သည်ဟုပါ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
ထိုဖြစ်စဥ်မှာ လက်နက်ကိုင် ၆ ဦးခန့်ပါသော အဖွဲ့တစ်ဖွဲ့က သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦးကို ကြိုးတုပ်ထိုင်ခိုင်းထားကာ သတ်ဖြတ်ရန်လုပ်ဆောင်နေသည်ကို အဆိုပါ အဒေါ်ကြီးက စွပ်စွဲချက်များ ငြင်းဆို တောင်းပန်နေသည့်ကြားမှ ဓားဖြင့်ခုတ်သတ်လိုက်ကြခြင်းဖြစ်ပြီး ထိုသတ်ဖြတ်မှုရုပ်သံအပေါ် NUG နှင့် PDF ထောက်ခံသူများက ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ကျူးလွန်သည်ဟု ဦးဆောင်သူကိုမင်းဇေသန့် အမည်တပ်ကာ ဖြန့်ဝေနေကြခြင်းဖြစ်သည်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့သည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရှဒူးဇွပ်ကျေးရွာကို အခြေပြုပြီး ထိုဒေသတွင် ကချင်လက်နက်ကိုင် KIA နှင့် KIA ခိုင်းစေခံ KPDF နှင့် PDF များကို အဓိကတိုက်ခိုက်နေသည်။ ရုပ်သံမှတ်တမ်းအရ မည်သည့်လက်နက်ကိုင်အဖွဲ့က ကျူးလွန်နေသည်ကို မသိရှိရသေးသော်လည်း ပြောဆိုနေသည့်လေသံအားလုံးမှာ ကချင်တိုင်းရင်းသားလေသံမပါဝင်သည်ကိုလည်း တွေ့ရှိရသည်။
“ခုခေတ်လူတွေ အတော်များများ ဝါဒမှိုင်းမိနေကြတယ်။ Social ပေါ်က မဟုတ်မမှန်သတင်းတု၊ သတင်းမှားတွေကို တစ်ဖက်ရန်သူက တစ်ဖက်အဖွဲ့အစည်းလိုရာ ခေါင်းစဉ်တပ်ရေးပြီးဝါဒဖြန့်တာကိုယုံကြည်နေကြတဲ့လူတွေ ရှိကိုရှိတယ်ဗျ။ တကယ်ကိုစိတ်ပျက်စရာဖြစ်နေပြီး ခုတစ်လော ပျံ့နှံ့နေတဲ့ အဒေါ်ကြီးတစ်ယောက် ရက်စက်စွာအသတ်ခံရတဲ့ Video တစ်ခု တွေ့ကြမှာပါ လိုရာရေးထားတဲ့ ခေါင်းစဉ်က ကချင်ပြည်နယ် ဒေသက ဝါရာဇွပ်ကိုမင်းဇေသန့်အဖွဲ့မှ ပြည်သူတစ်ဦးကို ရက်စက်သတ်ဖြတ်နေတာဆိုပြီးတော့ မထင်မရှား ပေါ်ပေါက်လာတဲ့ Video ကို Screenshot ရိုက်ပြီး အပေါ်မှာစာလုံးကြီးနဲ့ မဟုတ်မမှန်ရေးသားထားတာတွေ့ရတယ်။ Video Quality နဲ့ အဒေါ်ကြီးဝတ်ထားစားထားတဲ့အနေအထားက ကချင်ဘက်က ဝတ်စားဆင်ယင်မှုပုံစံမဟုတ်ပါဘူး။ ပြီးတော့ ဝါရာဇွပ်မှာလည်း အဲ့လို ဖုန်းကင်မရာအစုတ်တွေ မကိုင်ကြပါဘူး။ ဝတ်စားဆင်ယင်မှုပုံစံ မဟုတ်ပါဘူး။ အညာဒေသက လေသံနဲ့အညာဒေသက လူနေမှု စနစ်အဝတ်အစားပုံစံပါ။ ဒါကိုတချို့တွေက ယုံကြတယ်။ ကိုယ်တွေလည်း Social Media ပေါ်မှာ ဂျပိုးကိုလိပ်ဖြစ်အောင် ရေးတတ်တယ်။ ဘယ်သောအခါမှ မီဒီယာအဆိပ်မခတ်ဘူး။ ညသတင်းတုသတင်းမှားတွေကို ချင့်ချိန်ကာယုံကြည်ကြပါလို့ပြောချင်ပါတယ်။”ဟု ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ငြင်းဆိုထားသည်။
MT News အနေဖြင့် အဆိုပါ အမျိုးသမီးကြီးကို သတ်ဖြတ်နေသော လက်နက်ကိုင်များမှာ မည်သည့်အဖွဲ့မှဖြစ်သည်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
