MT News
၁၈. ၈. ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်သို့ရောက်ရှိကြရာ ရုရှားနိုင်ငံအစိုးရမှတာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။



ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးမှ ဦးဆောင်၍ လွမ်းသူပန်းခွေအား သယ်ဆောင်ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးလေပြီးသော သူရဲကောင်းများအား ရည်စူး၍ ၁ မိနစ်ငြိမ်သက် ဂုဏ်ပြုအလေးပြုကြသည်။
ထိုသို့လွမ်းသူပန်းခွေချ အလေးပြုပြီးချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအား တီးမှုတ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထိုသို့နှုတ်ဆက်စဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာ့တပ်မတော် စစ်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် ယခုတရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတနှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။



