၁၂.၈.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံမှာ ဒုတိယသမ္မတ ဆာရာ ဒူတာတေးဟာ သူ့ကို ရာထူးမှ ဖယ်ရှားရေးအတွက် ရုံးတင်စစ်ဆေးမှုတွေနဲ့ တရားရုံးမှာ ရင်ဆိုင်နေရခိုက်မှာပဲ သမ္မတ မားကို့စ် ဂျူနီယာ၊ သမ္မတကတော် လီဇာ အာရာနက်တာ-မားကို့စ်နဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း မာတင် ရိုမူယယ်ဒက်ဇ်တို့ကိုလုပ်ကြံဖို့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုနဲ့ ကွီဇုံမြို့တရားရုံးမှာ သြဂုတ်လ ၁၁ ရက်က ရာဇဝတ်မှုစွဲချက်တင်ခံခဲ့ရပါတယ်။
ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားမှုနဲ့ နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး အရာရှိကို တရားစွဲဆိုမှုက ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ရာထူးမှဖယ်ရှားရေး ရုံးတင်တရားစွဲစစ်ဆေးမှုရဲ့ အဓိက အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာရဲ့ အထက်လွှတ်တော်အတွင်းရှိ မဟာမိတ်တွေနဲ့ပြင်းထန်တဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးဟာ ရာထူးမှဖယ်ရှားခံရဖို့ ရုံးတင်စစ်ဆေးမှုနဲ့ ရင်ဆိုင်နေရတာ လည်းဖြစ်ပါတယ်။ တရားရုံးမှာ ဆာရာ့ကို ပြည်သူ့ရန်ပုံငွေတွေ အလွဲသုံးစားပြုမှု၊ အကျင့်ပျက်ခြစားမှု၊ ရှင်းပြမထားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ သမ္မတနဲ့ မိသားစုအပေါ် ပြင်းထန်တဲ့ခြိမ်းခြောက်မှုတွေအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုရမယ့် ထုတ်ပြန်ချက်တွေ အများပြည်သူရှေ့ မှောက်မှာ ပြုလုပ်မှု စတဲ့ စွပ်စွဲချက်တွေ နဲ့ တရားစွဲထားတာပါ။
တရားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပိုလို မာတီနက်ဇ်က ကွီဇုံမြို့ ဒေသဆိုင်ရာ တရားရုံးမှာ ဆာရာ ဒူတာတေးအား ပြင်းထန်သော ခြိမ်းခြောက်မှု သုံးမှုအတွက် တိုင်ကြားချက်ကို သြဂုတ်လ ၁၁ ရက်က အတည်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ ဒုတိယသမ္မတအနေနဲ့ ရာထူးမှ ဖယ်ရှားခံရဖို့ တရားရုံးမှာ ရုံးတင်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတာ ၁၄ ရက်မြောက်နေ့လည်းဖြစ်ပါတယ်။
တရားရေးဌာနရဲ့ တရားစွဲဆိုမှုမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်းမှာ ဆာရာ ဒူတာတေးက မားကို့စ်မိသားစုကို ကျိန်ဆဲခဲ့ပြီး သူမကို သတ်ဖို့ ကြံစည်မှု အောင်မြင်ရင် သမ္မတစုံတွဲနဲ့ သမ္မတရဲ့ ဝမ်းကွဲအစ်ကို မာတင် ရိုမူယယ်ဒက်ဇ်တို့ ကို သတ်ဖို့ တစ်စုံတစ်ယောက်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဒေါသတကြီး ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုအပြီးမှာ အစိုးရရှေ့နေတွေက ”အင်တာနက်သုံး၍ ရာဇဝတ်မှုကျူးလွန်ခြင်းအား တားဆီးသည့် အက်ဥပဒေ (Cybercrime Prevention Act) မှတစ်ဆင့် ပြင်းထန်သော ခြိမ်းခြောက်မှုတွေအတွက် ဒုတိယသမ္မတကို တရားစွဲဆိုဖို့ ခိုင်လုံသော သက်သေအထောက်အထား တွေရှိတာ တွေ့ရှိခဲ့ကြတယ်” လို့ မာတီနက်ဇ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆာရာဒူတာတေးရဲ့ ဥပဒေအဖွဲ့က ထိုကဲ့သို့သောရလဒ်အတွက် မျှော်လင့်ပြင်ဆင်ထားပြီးဖြစ်ပြီး ၎င်းတို့အတွက် ရရှိနိုင်သော ဥပဒေရေးရာ ကုစားနည်းအားလုံးကို အပြည့်အဝအသုံးပြုမည်လို့ သြဂုတ်လ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒုတိယသမ္မတရဲ့ ရှေ့နေ ပေါလ်လင်းမ်က ကြေညာချက် တစ်စောင်မှာ “ကျွန်ုပ်တို့၏ ဥပဒေများအရ ဒုတိယသမ္မတသည် အပြစ်ကင်းသည်ဟု ယူဆရဆဲဖြစ်ပြီး သူမအပေါ် စွဲချက်တင်ချက်များကို နောက်ဆုံးတွင် ပယ်ချလိမ့်မည်ဟု ယုံကြည်ပါသည်” လို့ ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်ဥပဒေအရ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခံရရင် ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ ချမှတ်နိုင်ပါတယ်။
အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက်ချခံရရင် ဆာရာ ဒူတာတေးအနေနဲ့ ရာထူးမှဖယ်ရှားခံရပြီး ရွေးကောက်ပွဲနိုင်ငံရေးမှ အပြီးအပိုင်ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
Ref- inquirer.net
