သက်တံ့
၁၂. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ သာလန်း (Thalang) ခရိုင်ရှိ ကျောင်းတစ်ကျောင်းတွင် ထိုင်းကျောင်းသူတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးအား ရက်ပေါင်း ၃၀ ကြာ ယာယီထိန်းသိမ်းထားရန် ဖူးခက် လူငယ်နှင့် မိသားစုတရားရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါအမှုမှာ ချာန်းသလေး ဝိတ္တယာကွန် (Cherng Talay Wittayakom) ကျောင်းတွင် ထိုင်းကျောင်းသူတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အသက် ၁၂ နှစ်နှင့် ရှစ်လအရွယ် မြန်မာကျောင်းသူမိန်းကလေးငယ်နှင့် သက်ဆိုင်သည့် အမှုဖြစ်သည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူ၏ မိဘများက အဆိုပါ မိန်းကလေးငယ်ကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။


ချာန်းသလေးရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများသည် လူငယ်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖူးခက်ခရိုင် အစိုးရရှေ့နေ၊ စိတ်ပညာရှင်တစ်ဦးနှင့် ကလေးငယ်က တောင်းဆိုထားသည့် ပုဂ္ဂိုလ်တစ်ဦးတို့၏ ရှေ့မှောက်တွင် ဩဂုတ်လ ၁၀ ရက်နေ့က အဆိုပါ မိန်းကလေးငယ်အား ကိုယ်ထိလက်ရောက်ကျူးလွန်မှု စွပ်စွဲချက်ဖြင့် အမှုဖွင့် အကြောင်းကြားခဲ့သည်။
ဩဂုတ်လ ၁၁ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးမှူးများသည် အမှုဖွင့် အကြောင်းကြားပြီး ၂၄ နာရီအတွင်း အဆိုပါ မိန်းကလေးငယ်အား ဖူးခက် လူငယ်နှင့် မိသားစုတရားရုံးသို့ စေလွှတ်တင်ပို့ခဲ့သည်။
တရားရုံးစစ်ဆေးကြားနာမှုတွင် မိန်းကလေးငယ်၏ အသက်၊ အမှုဖွင့် အကြောင်းကြားရာတွင် ကျင့်သုံးခဲ့သည့် လုပ်ထုံးလုပ်နည်းများနှင့် စုံစမ်းစစ်ဆေးစဉ်အတွင်း ကလေးငယ်တစ်ဦးအပေါ် ပြုမူဆောင်ရွက်ရမည့် တည်ဆဲဥပဒေ လိုအပ်ချက်များကို သက်ဆိုင်ရာ အာဏာပိုင်များက လိုက်နာဆောင်ရွက်ခြင်း ရှိမရှိတို့ကို စိစစ်ခဲ့သည်။
စုံစမ်းစစ်ဆေးရေးမှူးများသည် ချုပ်နှောင်ထားရှိရန် တောင်းဆိုသည့် အကြောင်းပြချက်များကို ထောက်ခံသည့် သက်သေအထောက် အထားများနှင့်အတူ တရားရုံးသို့ တင်ပြခဲ့ကြသည်။ မိန်းကလေးငယ်၏ ပြုမူနေထိုင်မှုသည် အခြားသူများအတွက် ကြီးလေးသော အန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် အမှုနှင့် ဆက်စပ်သည်ဟု ယူဆရသည့် အခြားအကြောင်းအရင်းများကိုပါ တရားရုံးသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ တရားရုံးသို့ တင်ပြခဲ့သည့် အချက်တစ်ခုမှာ မိန်းကလေးငယ်၏ မိဘများသည် အလုပ်ပြုတ်သွားခဲ့သည်ဆိုသည့် အချက်လည်း ပါဝင်သည်။


တင်ပြလာသည့် အချက်အလက်များကို စိစစ်ပြီးနောက် ဖူးခက် လူငယ်နှင့် မိသားစုတရားရုံးက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေစဉ်အတွင်း အဆိုပါ မိန်းကလေးငယ်အား ဖူးခက် လူငယ်စောင့်ကြည့်ရေးနှင့် အကာအကွယ်ပေးရေး စင်တာတွင် ရက်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားရန် အမိန့်ပေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးမှူးများအနေဖြင့် အဆိုပါ သတ်မှတ်ကာလအတွင်း စုံစမ်းစစ်ဆေးမှုကို မပြီးပြတ်နိုင်ပါက သက်ဆိုင်ရာ လူငယ်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများအရ တရားရုံးထံ ချုပ်ရက် ထပ်မံတောင်းခံနိုင်သည်။ သတ်မှတ်လုပ်ထုံးလုပ်နည်းအရ တစ်ကြိမ်လျှင် ၁၅ ရက်ထက် မပိုသော သက်တမ်းတိုးမှုကို နှစ်ကြိမ်အထိ ခွင့်ပြုနိုင်သည်။
အစိုးရရှေ့နေများနှင့် တရားရုံးတို့က နောက်ထပ် ဥပဒေကြောင်းအရ ဆောင်ရွက်မည့် အဆင့်များကို မဆုံးဖြတ်မီ အာဏာပိုင်များက သက်သေအထောက်အထားများ စုဆောင်းခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ပြီးစီးအောင် ဆောင်ရွက်ခြင်းဖြင့် အမှုအား လူငယ်တရားစီရင်ရေး လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အမှုအား အပြီးသတ် ဆုံးဖြတ်ချက်ချပြီးပါက လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံ အဆိုပါ မိန်းကလေးငယ်၏ နေထိုင်ခွင့် အခြေအနေကို သုံးသပ်ပေးရန်နှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုသွားမည်ဖြစ်သည်။ အာဏာပိုင်များက ကလေးငယ်နှင့် ပတ်သက်သည့် အရေးယူဆောင်ရွက်မှုများသည် ထိုင်းနိုင်ငံ၏ လူငယ်တရားစီရင်ရေး စနစ်အောက်တွင် ပေးအပ်ထားသည့် အကာအကွယ်များနှင့် လုပ်ထုံးလုပ်နည်းများကို အတိအကျ လိုက်နာရမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
Ref : Pattaya Mail
