MT News
၂. ၇. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိလာသည့် ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့ဝင်များအား ယနေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတက သမ္မတအိမ်တော်၊ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ လိုက်ပါလာသည့် အထူးယာဉ်တန်းသည် နိုင်ငံတော်သမ္မတအိမ်တော်သို့ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် နိုင်ငံတော်သမ္မတအိမ်တော်၊ ဧည့် ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မက အဆွေတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မိမိတို့မြန်မာ နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ အဆွေတော်အနေဖြင့် ရှည်လျားသည့် ခရီးစဉ်လမ်းကြောင်းအဖြစ် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ထိုမှတစ်ဆင့် မိမိတို့နိုင်ငံသို့ လာရောက်ခြင်းသည် မိမိတို့နိုင်ငံအပေါ် အထူးခင်မင်မှုအနေဖြင့် အလုပ် သဘော ချစ်ကြည်ရေးခရီးအဖြစ် အလေးထားလာရောက်မှုအပေါ်တွင် မိမိအနေဖြင့် လှိုက်လှဲဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နှစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် မြောက်တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုအနေဖြင့် ၅ ကြိမ်တွေ့ဆုံပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ တကူးတကဝင်ရောက်၍ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ် ဝင်ရောက်ခဲ့မှုသည် မိမိအပေါ်ခင်မင်ရင်းနှီးမှုကိုဖော်ပြခြင်း ဖြစ်သဖြင့် မိမိအနေဖြင့်တန်ဖိုးထားပါကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး မိမိကိုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရချိန်၌ အဆွေတော်အနေဖြင့် ဝမ်းမြောက်ကြောင်း သဝဏ် လွှာပေးပို့ခဲ့မှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင်တင် ဆောင်ရွက်သွားလိုပါကြောင်း၊ အဆွေတော်နှင့် အဖွဲ့ဝင်များအား မိမိတို့မြန်မာနိုင်ငံမှ ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုပါကြောင်းဖြင့် ခရီးဦး ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် အဆွေတော်နှင့် မိမိတို့တွေ့ဆုံခဲ့မှုမှာ အဆွေတော်ပြောကြားခဲ့သကဲ့သို့ ၅ ကြိမ်ရှိပြီ ဖြစ်ပြီး နှစ်နိုင်ငံအချင်းချင်းရင်းနှီးသည့် ဆက်ဆံမှုများရှိသကဲ့သို့ ပုဂ္ဂိုလ်ရေးအရလည်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများရှိပါကြောင်း၊ လက်ရှိနှစ်နိုင်ငံအကြား ဆက်ဆံ ရေးကို မိမိတို့နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးပူးပေါင်း၍ ယခုထက်ပိုမိုမြှင့်တင်နိုင်ရေး နောက်ထပ်ခြေလှမ်းသစ်ကိုစတင်ရမည့် အချိန်အခါဖြစ်ပါကြောင်း၊ အဆွေတော်တို့ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အဆွေတော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရမှုအပေါ်တွင်လည်း မိမိအနေဖြင့်များစွာဝမ်းမြောက်ဂုဏ်ယူသည်ကို ထပ်မံပြော ကြားလိုပါကြောင်း၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆက်လက်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့်အခြေအနေများ၊ (၂၀၂၆-၂၀၂၈) ခုနှစ်ကာလအတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက်(Joint Action Plan)ကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ နှစ်နိုင်ငံအကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့်ဆောင် ရွက်သွားနိုင်မည့်အခြေအနေများ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ် ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက် လက် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် အဖွဲ့ ဝင်များအား နိုင်ငံတော် သမ္မတအိမ်တော်၌ ညစာစားပွဲဖြင့် ရင်းနှီးနွေးထွေးစွာ တည်ခင်းဧည့်ခံသည်။
ညစာစားပွဲအပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတအိမ်တော်မှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်သမ္မတက ရင်းနှီးနွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်သည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
