၃.၇.၂၀၂၆
Written by Linn Eain
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)မှ အမှတ်စဉ်(၂၄)အထိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်ခဲ့သည့် အသက် ၁၈ နှစ်မပြည့်သူ စုစုပေါင်း ၁၁၃ ဦးကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် မိဘ/အုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၁/၂ဝ၂၆)ကို နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ဇူလိုင် ၂ ရက်က ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က “ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များမပါရှိစေရေး စနစ်တကျစိစစ်ဆောင် ရွက်လျက်ရှိသည့်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) မှ အမှတ်စဉ်(၂၄)အထိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်ခဲ့သည့် အသက် ၁၈ နှစ်မပြည့်သူ စုစုပေါင်း ၁၁၃ ဦးကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် မိဘ/အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ကြောင်း” ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော်အစိုးရနှင့် Country Task Force on Moni-toring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီမံချက်(Plan of of Action)ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကော်မတီနှင့် CTFMR တို့ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ CTFMR မှ ပေးပို့လာသည့် သံသယဖြစ်ဖွယ်စစ်သည် ၂၃၇၇ ဦးအနက် သံသယစာရင်းမှ ပယ်ဖျက်ရန် စိစစ်ဆဲ ၁၆ ဦးသာ ကျန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောကြားခဲ့သည်။
ဆက်လက်၍ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်း မရှိစေရေး ကော်မတီ၏ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ တပ်မတော်အတွင်း အသက်မပြည့်စစ်သည်များ မှားယွင်းစုဆောင်း မှုများရှိပါက တပ်မတော်သာမက နိုင်ငံတော်၏ပုံရိပ်ကိုပါ ကျဆင်းစေနိုင်သည့်အတွက် တပ်မတော်အတွင်း ကလေးစစ်သည်များ ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပြည်သူ့ စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက်မပြည့် ကလေးသူငယ်များ မပါရှိစေရေးကိုလည်း ကော်မတီဝင်များက မိမိတို့ရုံး/ဌာနအလိုက် သက်ဆိုင်ရာဌာနများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား အသိပညာပေးဟောပြောပို့ချမှုများကို အရှိန်အဟုန်ဖြင့် အမှန်တကယ် အမှန်တကယ် လုပ်ဆောင်သွား ရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် အပါအဝင် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကော်မတီဝင်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအား အတင်းအကျပ် တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရန်၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်စသည့် ကော်မတီ၏ရည်ရွယ်ချက် သုံးရပ်ဖြင့် တပ်မတော်အတွင်း အသက် ၁၈ နှစ်မပြည့်သူများ စစ်မှုထမ်းဆောင်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
