
၂.၇.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊တောင်ရိုးတန်း View Point အောက်ဘက် ချစ်သူလမ်းကြားလမ်းဘေးခြုံထဲတွင် အသတ်ခံထားရသော ဆိုင်ကယ်အငှားလိုက်သူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းစွန့်ပစ်ခံထားရမှုကို ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆)လမ်းတွင်နေထိုင်သော ဆိုင်ကယ်အငှားလိုက်သူ အသက် ၄၅ နှစ်အရွယ် ဦးအောင်ဟိန်းဦးမှာ ညာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ (၁) ရက် ညနေ ၅ နာရီခွဲခန့်က ဦးအောင်ဟိန်းဦးမှာ ဆိုင်ကယ်အငှားလိုက်ရန် နေအိမ်မှ ထွက်ခွာခဲ့ပြီး ညဉ့်နက်သည်အထိ အိမ်သို့ပြန်ရောက်မလာခဲ့သဖြင့် မိသားစုဝင်များက ၎င်း၏လက်ကိုင်ဖုန်းကိုခေါ်ဆိုသော်လည်း ဖုန်းမကိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် မိသားစုဝင်များက ထပ်မံဆက်သွယ်ရာမှ ဖုန်းကိုတွေ့ရှိသည့်လမ်းလုပ်သားတစ်ဦးက ဖုန်းကိုင်ရာမှ မိသားစုဝင်များက ချိတ်ဆက်ကာ ဖုန်းတွေ့ရှိသော နေရာအနီးသို့ ရှာဖွေရာမှ ဒဏ်ရာများဖြင့် သေဆုံးနေသော ဆိုင်ကယ်အငှားလိုက်သူအမျိုးသားကို တွေ့ရှိခဲ့ပြီး ၎င်း၏ဆိုင်ကယ်ကိုမူ မတွေ့ရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မှာ GPS စနစ်တွေတပ်သင့်တယ်။ ဒါမှ ကိုယ့်အတွက် ပိုပြီး လုံခြုံစိတ်ချရမှာ။ ကိုယ်က ဘယ်ကိုသွားနေလဲဆိုတာ မိသားစုလည်း သိနိုင်မယ်။ ဆိုင်ကယ်သမားအချင်းချင်းလည်း Viber ၊ Telegram တို့မှာ Group ဖွဲ့ပြီး ဒီနေ့ ဘယ်လမ်းကြောင်း၊ ဘယ်ခရီး အခုဘယ်သွားနေတယ်ဆိုတာက အစ ဆက်သွယ်ထားရင် ပိုပြီးလုံခြုံမယ်ထင်ပါတယ်”ဟု မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်အငှားလိုက်သူ အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရှိသော နေရာမှာ လူအလွန်ပြတ်သောနေရာဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် ပို့အပ်ကာစစ်ဆေးခဲ့ပြီး စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
