

၂.၇.၂၀၂၆
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊ ကံတွင်းကျောင်းလမ်းတွင် ဇူလိုင်လ ၂ ရက် နံနက်အစောပိုင်းက လင်မယားစကားများရန်ဖြစ်ရာမှ ခြင်ထောင်ကို မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မုံရွာမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
အလျား ပေ ၂၀၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ ထရံကာ နေအိမ်တွင် လင်မယားရန်ဖြစ်ကာ ခြင်ထောင်ကို ဖယောင်းတိုင်မီးဖြင့် မီးရှို့ရာမှ အနီးတွင်ရှိသော ထရံသို့ မီးကူးကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
နာရီဝက်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် နေအိမ်နှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း မုံရွာမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူကပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင် ၂၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီမထိုးမီ ၁၅ မိနစ်အလိုခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးရှို့မှုနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားကြီးကို မုံရွာ အမှတ် (၂) ရဲစခန်းက ပုဒ်မ ၄၃၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
