၁.၇.၂၀၂၆
Written By Thandar
မြန်မာ့ရိုးရာယဉ်ကျေးမှုဂီတအမွေ မဟာဂီတသီချင်းကြီးတွေ မပျောက်ပျက်စေဖို့နဲ့ မဟာဂီတမြတ်နိုးတဲ့ မျိုးဆက်သစ်အဆိုရှင်တွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်ချက်နဲ့ ဖော်ထုတ်ဖြန့်ဝေ၊ မဟာဂီတအမွေဆိုတဲ့ “မဟာဂီတ အဆိုပြိုင်ပွဲ” စာနယ်ဇင်းမိတ်ဆက်ခြင်းနဲ့ မတည်အလှူငွေများလက်ခံပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မင်းကွန်းတိပိဋကရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။
“မာမီဒေါ်ရီရီသန့်ရဲ့ အသက် ၇၆ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ကျရောက်မှာပါ။ ဒီအတွက် ကိုယ့်ရဲ့ဆရာသမား ကျေးဇူးရှင်ကမ္ဘာကျော်စောင်းပညာရှင် ဘဘ အင်းလေးဦးမြင့်မောင်ကို လွမ်းဆွတ်ခြင်းအထိမ်းအမှတ် ကျေးဇူးဆပ်ချင်တာပါ။ ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုရိုးရာဂီတအမွေ မဟာဂီတသီချင်းကြီးတွေ မပျောက်ပျက်စေဖို့နဲ့ မဟာဂီတမြတ်နိုးတဲ့ မျိုးဆက်သစ်အဆိုရှင်တွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်ချက်ကျင်းပဖြစ်တာပါ။ မဟာဂီတ တေးသီချင်းတွေကို တိမ်မြုပ်ပျောက်သွားမှာစိုးရိမ်မိတယ်။ မာမီရဲ့ မွေးနေ့မှာ ပြိုင်ပွဲဝင်တွေ ဆုတွေ ပေးအပ်ပြီးတော့ ချီးမြှင့်သွားပါ” လို့ ဂန္ထဝင်အနုပညာရှင် ဒေါ်ရီရီသန့်က ပြောပါတယ်။
အဆိုပါအခမ်းအနားက ဘဒ္ဒန္တခေမာသီရိ (လှတောဆရာတော်) ရဲ့ ညွှန်ကြားမှုနဲ့အတူ မြန်မာ့ယဉ်ကျေးမှုရိုးရာဂီတအမွေ မဟာဂီတသီချင်းကြီးတွေ မပျောက်ပျက်စေဖို့နဲ့ မဟာဂီတမြတ်နိုးတဲ့ မျိုးဆက်သစ်အဆိုရှင်တွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘာကျော်စောင်းပညာရှင် ဘဘ အင်းလေးဦးမြင့်မောင်ကို လွမ်းဆွတ်ခြင်းအထိမ်းအမှတ်၊ တပည့်ဖြစ်တဲ့ မဟာဂီတပညာရှင်၊ ဂန္ထဝင်အနုပညာရှင် ဒေါ်ရီရီသန့်ရဲ့ ဇူလိုင် ၁၂ ရက်မှာ ၇၆ နှစ်ပြည့်မွေးနေ့အမှတ်တရ ကျင်းပတာလည်း ဖြစ်ပါတယ်။
မွေးနေ့ရှင် ဒေါ်ရီရီသန့်နဲ့ တီလေးနှင်းသန့်ရည်နဲ့အတူ မတည်အလှူရှင်တွေက မတည်ငွေကျပ်သိန်း ၁၀၀၊ ဘဒ္ဒန္တခေမာသီရိ (လှတောဆရာတော်)က ကျပ်သိန်း ၅၀၊ အောင်ဇမ္ဗူဆရာတော်က ကျပ် ၄၄ သိန်း၊ New Active Production က ကျပ်သိန်း ၅၀၊ Music City Myanmar ကျပ်သိန်း ၂၀ စတဲ့သူတွေက ကျပ်သိန်း ၃၅၀ ကျော်နီးပါး မတည်ငွေ များစွာ ပေးအပ်ခဲ့ကြပါတယ်။
လာမယ့် ဇူလိုင် ၁၁ ရက်မှာ ရန်ကုန်မြို့ မင်္ဂဒုံမြို့နယ်ရှိ ပုလဲမြို့သစ် လှတောဆရာခန်းမမှာ ပဏာမရွေးချယ်ထားတဲ့ အသက် ၁၅ နှစ်ကနေ ၅၀ နှစ်အထိ မဟာဂီတပြိုင်ပွဲဝင်အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦးက နှစ်ဆင့်ဆက်လက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။
“မဟာဂီတအဆိုပြိုင်ပွဲကြီး” မှာ အမျိုးသားနဲ့ အမျိုးသမီးပြိုင်ပွဲဝင်ဆုကြေးငွေအနေနဲ့ ပထမဆု ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ၁၅ သိန်း၊ တတိယဆု ၁၀ သိန်း၊ ပြိုင်ပွဲဝင်သူတစ်ဦးကိုကျပ် ၂ သိန်းနှုန်း ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
#ဒေါ်ရီရီသန့် #DawYeeYeeThant #တင်တင်မြ #TinTinMya #မဟာဂီတအဆိုပြိုင်ပွဲ #မဟာဂီတသီချင်းကြီး #မဟာဂီတမြတ်နိုးတဲ့မျိုးဆက်သစ်အဆိုရှင် #မင်းကွန်းတိပိဋကရွှေရတုခန်းမ #ပြိုင်ပွဲဖြစ်မြောက်ကျင်းပရေးကော်မတီ









