သက်တံ့
၁. ၇. ၂၀၂၆
လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် စားနပ်ရိက္ခာ ဖူလုံရေးကို မြှင့်တင်ရန်နှင့် ပို့ကုန်အခြေပြု ကုန်စည်ထုတ်လုပ်မှုကို အားပေးရန် ဦးစားပေး လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ် ပထမ ၅ လအတွင်း သီးနှံနှင့် သီးနှံထွက်ကုန် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၅၂ သန်းအထိ ရှိခဲ့ပြီး ယင်းသည် တစ်နှစ်တာ လျာထားချက်၏ ၆၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။
အဓိက တင်ပို့သည့် ထွက်ကုန်များတွင် ငှက်ပျောသီး၊ ပီလောပီနံခြောက်၊ ဖရဲသီး၊ ပီလောပီနံမှုန့်နှင့် ကော်ဖီတို့ ပါဝင်ကြောင်း ဗီယင်ကျန်းမိုင် (Vientiane Mai) သတင်းစာက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။
ထို့အပြင် မွေးမြူရေး တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ကုန် တင်ပို့မှုသည် ဒေါ်လာ ၈၁ ဒသမ ၂၁ သန်းအထိ ရှိလာပြီး ၂၀၂၆ ခုနှစ် ရည်မှန်းချက်၏ ၄၀ ဒသမ ၆ ရာခိုင်နှုန်းကို ပြည့်မီခဲ့သည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများနှင့် သစ်အချောထည် တင်ပို့မှုမှာမူ စုစုပေါင်း ဒေါ်လာ ၁၅၈ ဒသမ ၆၄ သန်းရှိပြီး ရည်မှန်းချက်၏ ၃၁ ဒသမ ၇ ရာခိုင်နှုန်း ရရှိခဲ့သည်။
ဝန်ကြီးဌာန၏ အဓိက အောင်မြင်မှုတစ်ခုမှာ ပို့ကုန်စျေးကွက်ကို ချဲ့ထွင်နိုင်ခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန် အမျိုးအစား ၈၄ မျိုး တင်ပို့ခွင့် ရရှိခဲ့သည်။
စားနပ်ရိက္ခာ ဖူလုံရေးကို ထောက်ပံ့ရန်နှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်အတွက် ဝန်ကြီးဌာနသည် နွေရာသီ စားနပ်ရိက္ခာနှင့် စီးပွားဖြစ်သီးနှံများ၊ အထူးသဖြင့် စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစိုက်ပျိုးရန် တိုက်တွန်းခဲ့သည်။ ဆန်းသစ်သော နည်းပညာများနှင့် သန့်ရှင်းသော စိုက်ပျိုးရေးစနစ်များကို အသုံးပြုကာ စိုက်ပျိုးရေး ထုတ်လုပ်မှုအုပ်စုများနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း အားပေးလုပ်ဆောင်ခဲ့သည်။
ဝန်ကြီးဌာနသည် ထုတ်ကုန်အရည်အသွေး မြှင့်တင်ရန်နှင့် ပို့ကုန်စံချိန်စံညွှန်းများ ပြည့်မီစေရန်အတွက် ခေတ်မီနည်းပညာများနှင့် ဘေးကင်းသန့်ရှင်းသော စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများကို အသုံးပြုရန် မြှင့်တင်ပေးခဲ့သည်။
ကုန်သွယ်မှုကို ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် လာအိုနိုင်ငံသည် ကုန်သွယ်မှု စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန် ရည်ရွယ်၍ စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်း/တင်ပို့မှု ခွင့်ပြုချက်နှင့် စောင့်ကြည့်စစ်ဆေးရေး စနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
Ref: Xinhua
