၁.၇.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့တွင် သင်ကြားရေးစင်တာ ကျူရှင်တစ်ခု၏ အဆောက်အအုံအမိုး ဇွန်လ ၃၀ ရက် ညနေပိုင်းက ပြိုကျခဲ့ရာ အနည်းဆုံး ကျောင်းသူကျောင်းသား ၁၄ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အမိုးပြိုကျမှုတွင် ဆရာတစ်ဦးနှင့် အခြားကလေး ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေရကာ စင်တာပိုင်ရှင်နှင့် အခြားသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


အမိုးပြိုကျမှုတွင် သေဆုံးခဲ့သော ကလေးများသည် အသက်လေးနှစ်မှ ၁၂ နှစ်ကြားရှိကြကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
အကြီးတန်း ရဲအရာရှိ ဖိုင်ဆယ်ကမ်ရန်က ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများ အောက်တွင် ကလေးများစွာ ပိတ်မိနေနိုင်သည်ဟူသော သတင်းများ ရရှိပြီးနောက် အပျက်အစီးများကြားတွင် ရှာဖွေနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
သင်ကြားရေးစင်တာသည် အဆောက်အအုံဟောင်းတစ်ခုတွင် တည်ရှိပြီး ဆောက်လုပ်ရေး အရည်အသွေး ညံ့ဖျင်းမှုကြောင့် အပြီးမသတ်ရသေးသော ဒုတိယထပ်၏ အမိုးပြိုကျခဲ့ပုံရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အလုပ်သမားများသည် အဆောက်အအုံပေါ်ရှိ ကြွေပြားများကို ပြုပြင်နေစဉ် အမိုးပြိုကျပြီး ကလေးငယ်များကို ကြေမွသွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။
Broadcaster Geo News သတင်းဌာနက ယူနီဖောင်းဝတ် ကယ်ဆယ်ရေးသမားများနှင့် အရပ်သားများသည် တစ်စိတ်တစ်ပိုင်း ပြိုကျနေသော အဆောက်အအုံ၏ မြေနှင့် အပျက်အစီးများကို ဂေါ်ပြားများနှင့် လက်များဖြင့် တူးဖော်နေသည့် ရုပ်ပုံများကို ထုတ်လွှင့်ခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှာရစ်ဖ်က လာဟိုးမြို့၊ ကာနာဒေသရှိ ကျူရှင်စင်တာခေါင်မိုး ပြိုကျမှုတွင် အဖိုးတန်အသက်များဆုံးရှုံးခဲ့ရသည့်အတွက် ၎င်းအနေဖြင့် ဝမ်းနည်းကြေကွဲရကြောင်း ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ရှရစ်ဖ်က “ဒဏ်ရာရသူများ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းခဲ့ပြီး အာဏာပိုင်များ အား ၎င်းတို့ဖြစ်နိုင်သမျှ ဆေးဘက်ဆိုင်ရာအကူအညီများအားလုံး ပေးအပ်ရန် ညွှန်ကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းက ဖြစ်ရပ်အတွက် တာဝန်ရှိသူများကို ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှုနှင့် ချက်ချင်းစုံစမ်း စစ်ဆေးမှုတို့ ဖြင့်ဖော်ထုတ်တွေ့ရှိရမည်ဟုလည်း ခန်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။
အမိုးနှင့် အဆောက်အအုံပြိုကျမှုများသည် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် မကြာခဏ အဖြစ်များပြီး အဓိက အားဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းညံ့ဖျင်းခြင်းနှင့် စံချိန်မမီသော ဆောက်လုပ်ရေးပစ္စည်းများကြောင့်ဖြစ်သည်ဟု ဆိုကြသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ကရာချိမြို့တောင်ပိုင်းရှိ ဆင်းရဲနွမ်းပါးသောဒေသတစ်ခုဖြစ်သည့် လိုင်ယာရီတွင် ငါးထပ်အဆောက်အအုံတစ်ခုပြိုကျမှုကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
Ref-Al Jazeera

