◾ မြန်မာ့ပိုင်နက်ကို အိန္ဒိယအား ဆန့်ကျင်တိုက်ခိုက်ရန် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
သတိုး
၂. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဝန်ကြီးချုပ် ရှရီ နာရင်ဒရာ မိုဒီနှင့် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တနင်္လာနေ့ (ဇွန် ၁ ရက်) တွင် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံအကြား လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ကတိပြုခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ရေရှည်နိုင်ငံရေးအကျပ်အတည်းများ ရှိနေလင့်ကစား နယူးဒေလီအနေဖြင့် ၎င်း၏ အရှေ့ဘက်အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကြောင်း ပြသသည့် ကဏ္ဍစုံပါဝင်သော ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

သမ္မတတစ်ဦးအနေဖြင့် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ဦးမင်းအောင်လှိုင်၏ ယခုတရားဝင် ခရီးစဉ်အတွင်း လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများ၊ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ၊ နယ်စပ်စီမံခန့်ခွဲမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး၊ နှစ်ဖက်စလုံးက မြန်မာနိုင်ငံသည် အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒ အဆောက်အအုံတွင် အရေးပါသော ဗဟိုချက်တစ်ခုအဖြစ် ရှုမြင်ပုံဖော်ခဲ့ကြသည်။
◾ မဟာဗျူဟာမြောက် အချိုးအကွေ့ ဗဟိုချက်
ဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံသည် အိန္ဒိယ၏ ထင်ရှားသော နိုင်ငံခြားရေးမူဝါဒ အယူအဆ သုံးခုဖြစ်သည့် “အိမ်နီးချင်းပထမ” (Neighbourhood First)၊ “အရှေ့ဘက်သို့ မျှော်မှန်းလုပ်ဆောင်ခြင်း” (Act East) နှင့် မကြာသေးမီကမှ ချမှတ်ခဲ့သည့် “မဟာဆာဂါ” (MAHASAGAR – ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်နှင့် ဘက်စုံမြှင့်တင်ရေးမူဘောင်) မူဝါဒတို့ ဆုံစည်းရာနေရာတွင် ရှိနေကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ယင်းသည် အိန္ဒိယ၏ ဒေသတွင်းရည်မှန်းချက်များအတွက် နေပြည်တော်နှင့် တည်ငြိမ်သော ဆက်ဆံရေးရှိရန် လိုအပ်သည်ဟူသော နယူးဒေလီ၏ အမြင်ကို ပေါ်လွင်စေသည်။
နိုင်ငံတော်သမ္မတအိမ်တော် (Rashtrapati Bhavan) တွင် အိန္ဒိယသမ္မတ မူရ်မူက မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။




အလားတူ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး (ပြည်ပရေးရာဝန်ကြီး) ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနှင့် အမျိုးသားလုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်တို့သည်လည်း မြန်မာသမ္မတအား သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ကြရာ၊ ၎င်းသည် အိန္ဒိယ၏ ထိတွေ့ဆက်ဆံမှု အတိုင်းအတာနှင့် ယခုအချိန်အခါတွင် အိန္ဒိယက ယခုဆက်ဆံရေးအပေါ် မည်မျှအလေးထားကြောင်း ဖော်ပြနေသည်။
◾ လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့် နယ်စပ်စီမံခန့်ခွဲမှု
ပူးတွဲကြေညာချက်၏ စိတ်ဝင်စားမှုအခံရဆုံး အပိုင်းဖြစ်နိုင်သည့် အချက်မှာ သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ့နယ်မြေကို အိန္ဒိယ၏ လုံခြုံရေးအကျိုးစီးပွား ထိခိုက်စေမည့် ကိစ္စရပ်များတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း အာမခံချက်ကို ထပ်လောင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အိန္ဒိယက ထောက်ခံကြောင်း ပြန်လည်အတည်ပြုခဲ့သည်။
အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ နယ်မြေအများအပြားတွင် မြန်မာအစိုးရအနေဖြင့် လက်နက်ကိုင်တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ စကားလုံးများကို ဂရုတစိုက်ရွေးချယ်၍ ထောက်ခံအားပေးခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် လှုပ်ရှားမှုများအတွက် အချုပ်အခြာအာဏာပိုင် နယ်မြေများကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးက အလေးအနက် ပြောကြားခဲ့သည်။ ဤစကားရပ်သည် လုံခြုံရေးအားနည်းသော အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် သူပုန်အဖွဲ့များနှင့် ပတ်သက်၍ နယူးဒေလီ၏ ကာလရှည်ကြာ စိုးရိမ်ပူပန်မှုများကို ထင်ဟပ်စေသည်။
◾ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး
စီးပွားရေးကဏ္ဍတွင် နှစ်ဖက်စလုံးက ရန်ပုံငွေ၊ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့သည့် အဓိကစီမံကိန်းကြီးနှစ်ခုဖြစ်သော ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport project) နှင့် အိန္ဒိယ-မြန်မာ -ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (India- Myanmar-Thailand Trilateral Highway) စီမံကိန်းတို့ကို ပြန်လည်အကောင်အထည်ဖော်ရန် အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးချုပ် မိုဒီက ဒေသတွင်း သာယာဝပြောမှုကို မြှင့်တင်ရန်အတွက် ယခုစင်္ကြံလမ်းများကို အပြီးသတ်ရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြသည်။ အစိုးရနှစ်ရပ်လုံးက ၂၀၂၄ ခုနှစ် မေလတွင် စတင်ကျင့်သုံးခဲ့သည့် ရူပီး-ကျပ် နှစ်နိုင်ငံငွေပေးချေမှုစနစ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ စတင်ချိန်မှစ၍ ငွေလွှဲပြောင်းမှုပမာဏ တည်ငြိမ်စွာ တိုးတက်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် ဦးစားပေးကဏ္ဍများအဖြစ် စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်နှင့် သတ္တုတွင်းကဏ္ဍများကို သတ်မှတ်ခဲ့ကြသည်။
မထွက်ခွာမီက UMFCCI နှင့် CII တို့ ပူးပေါင်းစီစဉ်သည့် အိန္ဒိယ-မြန်မာ စီးပွားရေးညီလာခံတွင် ဦးမင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ ဆေးဝါး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍများမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များက ကုန်သွယ်မှုအခွင့်အလမ်းများကို ရှာဖွေခဲ့ကြသည်။
◾ လူထုအချင်းချင်း ဆက်ဆံရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ဝန်ကြီးချုပ် မိုဒီက မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆုများကို သိသိသာသာ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ ၂၀၂၆ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ၃၆ ဦးမှ ၁၀၀ ဦးအထိ သုံးဆနီးပါး တိုးမြှင့်ပေးသွားမည်ဖြစ်သည်။ ယင်းမှာ နှစ်နိုင်ငံအကြား ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်သည်။

ဤခရီးစဉ်ကို ဗုဒ္ဓဂါယာတွင် စတင်ခဲ့ပြီး မြန်မာသမ္မတသည် မဟာဗောဓိစေတီတော်၊ မဟာဗောဓိတရားရိပ်သာနှင့် သုဇာတာဘုရားတို့တွင် ဖူးမြော်ကြည်ညိုခဲ့သည်။ ယင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို သမိုင်းအစဉ်အဆက် ကျောက်ဆူးသဖွယ် အခိုင်အမာ တွဲချည်ထားသည့် နက်ရှိုင်းသော ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုဆိုင်ရာနှောင်ကြိုးများကို ပြန်လည်အတည်ပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။
◾ ရှေ့ဆက်မည့် ခရီး
အလားတူ မြန်မာနိုင်ငံတော်သမ္မတက အိန္ဒိယဝန်ကြီးချုပ် မိုဒီအား နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် ရက်ရွေးချယ်၍ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် တရားဝင် ဖိတ်ကြားခဲ့သည်။
ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၂ ရက်နှင့် မနက်ဖြန်အတွင်း မဟာရဋ္ဌပြည်နယ် (Maharashtra) အုပ်ချုပ်ရေးမှူး၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံရန်နှင့် အခြားစီးပွားရေးကဏ္ဍ ဆွေးနွေးမှုများ ပြုလုပ်ရန် မွန်ဘိုင်းမြို့သို့ ခရီးဆက်ရန် စီစဉ်ထားသည်။
ယခုခရီးစဉ်သည် ပုံမှန်အခြေအနေနှင့် မိတ်ဖက်ဖြစ်မှုကို ပြသသည့် အချက်ပြမှုတစ်ခုအဖြစ် နယူးဒေလီဘက်က သေချာစွာ စီစဉ်ဖန်တီးထားခြင်း ဖြစ်သည်။
ပုံစာ။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လှိုက်လှဲစွာ ကြိုဆို တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည့် အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံမှု မြင်ကွင်းများ။
(အိန္ဒိယ သတင်းဌာန NDTV က ဖော်ပြသည့် “Won’t Allow Our Territory To Be Used Against India: Myanmar President” ဆောင်းပါးအား ဆီလျော်သလို ကောက်နုတ် ပြန်ဆို ဖော်ပြအပ်ပါသည်။)
