သက်တံ့
၁၉. ၉. ၂၀၂၆
ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာပက်တွန်ခွာပြည်နယ်၊ ကိုဟတ်မြို့မှ ရဲစခန်းဝင်းတစ်ခုအတွင်းရှိ ဗလီတွင် သောကြာနေ့ (စက်တင်ဘာ ၁၈ ရက်) က အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုနေစဉ် မီးလောင်ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးဖြင့် အသေခံ ဖောက်ခွဲတိုက်ခိုက်မှု ခံခဲ့ရသဖြင့် သေဆုံးသူ အနည်းဆုံး ၂၁ ဦးအထိ မြင့်တက်လာပြီး ၁၀၀ အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး “အကြမ်းဖက်သမား” ၇ ဦးသည် ရဲစခန်းဝင်းအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး ရဲအရာရှိများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကိုဟတ် (Kohat) မြို့ ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ဒေါင်းန် (Dawn) သတင်းဌာနက ဖော်ပြခဲ့သည်။
စတင်ဖြစ်ပွားသည့် ပစ်ခတ်မှုအတွင်း အသေခံဗုံးခွဲသူ တစ်ဦးအပါအဝင် တိုက်ခိုက်သူ ၆ ဦး သေဆုံးခဲ့ပြီး ကျန်ရှိသည့် နောက်ဆုံးတိုက်ခိုက်သူကို ရဲတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်၍ နောက်ပိုင်းတွင် သုတ်သင်နိုင်ခဲ့သည်။
သေဆုံးသူများတွင် ရဲအရာရှိ ၁၅ ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သည်။
အဆိုပါ တိုက်ခိုက်မှုကို အစ္စလာမ္မစ် ဥပဒေကျင့်သုံးရေးကို လိုလားသည့် ပါကစ္စတန် တာလီဘန်အဖွဲ့၏ ခွဲထွက်အဖွဲ့ခွဲတစ်ခုဖြစ်သော ဟားဖစ်ဇ် ဂူလ် ဘာဟာဒါ (Hafiz Gul Bahadur) အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ခိုင်ဘာပက်တွန်ခွာ (Khyber Pakhtunkhwa) ပြည်နယ် ဝန်ကြီးချုပ် ဆိုးဟေးလ် အာဖရီဒီ (Sohail Afridi) က “အကြမ်းဖက်စနစ်ရဲ့ ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်တွေဟာ အမျိုးသားရေး စိတ်ဓာတ်ကို လျှော့ကျသွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အတူ သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) က အကြမ်းဖက်အဖွဲ့အစည်းအား “လုံးဝအမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်” တောင်းဆိုခဲ့ပြီး ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီး မိုစင် နာကဗီ (Mohsin Naqvi) ကလည်း စိတ်မကောင်းဝမ်းနည်းရကြောင်း X လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုတိုက်ခိုက်မှုကို တာဝန်ယူလုပ်ဆောင်ခဲ့သည့် ဟားဖစ်ဇ် ဂူလ် ဘာဟာဒါ အဖွဲ့သည် ပါကစ္စတန် တာလီဘန် (TTP) ၏ ခွဲထွက်အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ဝဇီရစ္စတန် (North Waziristan) ဒေသတွင် အခြေစိုက်လှုပ်ရှားသည့် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့သည် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများနှင့် စစ်ရေးပစ်မှတ်များကို အဓိကထား၍ အသေခံ ယာဉ်တင်ဗုံးခွဲတိုက်ခိုက်မှုများ (VBIED) ခပ်စိပ်စိပ် ပြုလုပ်လေ့ရှိသည်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခိုင်ဘာပက်တွန်ခွာပြည်နယ်သည် အာဖဂန်နစ္စတန် နယ်စပ်နှင့် ထိစပ်နေသည့်အတွက် စစ်သွေးကြွများ ခိုလှုံရာ လှုပ်ရှားနယ်မြေ ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
ယခုနှစ်ပိုင်းအတွင်း TTP နှင့် ယင်း၏ မဟာမိတ်အဖွဲ့များသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ပြီးနောက်ပိုင်း ပါကစ္စတန် ရဲတပ်ဖွဲ့နှင့် စစ်တပ်အပေါ် တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာခဲ့သည်။
ပါကစ္စတန် အစိုးရက အာဖဂန်နစ္စတန်ရှိ တာလီဘန် အစိုးရအနေဖြင့် TTP နှင့် ၎င်း၏ ခွဲထွက်အဖွဲ့များအား မိမိတို့နယ်မြေအတွင်း ခိုလှုံခွင့်ပေးထားပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို မျက်နှာလွှဲခဲပစ် လုပ်ထားသည်ဟု မကြာခဏ စွပ်စွဲထားသော်လည်း အာဖဂန် အာဏာပိုင်များကမူ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
Ref: UPI & Dawn
