သက်တံ့
၁၉. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ရရောင်းခရိုင်၊ မဲရမ်ဖောင်းကမ်းခြေ (Mae Ramphueng Beach) အနီးတွင် ကြာသပတေးနေ့ ညဉ့်နက်ပိုင်းက လူငယ်နှစ်ဖွဲ့ အပြန်အလှန် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူမှာ အပြစ်မဲ့ လမ်းသွားလမ်းလာတစ်ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုမှာ စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ညစဉ် ရေပန်းစားသော တေးဂီတအဖွဲ့များ၏ ဖျော်ဖြေပွဲများ ပါဝင်သည့် “Mae Ramphueng Beach: Colors of the Eastern Region” ပွဲတော်ကျင်းပရာ နေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့ညက တေးဂီတဖျော်ဖြေပွဲကို “Maleehuana” တေးဂီတအဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ခြင်း ဖြစ်သည်။
တေးဂီတပွဲပြီးဆုံးပြီးနောက် ကမ္ဘာလှည့်ခရီးသွားများနှင့် ပွဲကြည့်ပရိသတ်များ ပြန်လည်ထွက်ခွာစဉ် လူငယ်နှစ်ဖွဲ့ စကားများ ရန်ဖြစ်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ အုပ်စုနှစ်ဖွဲ့သည် တစ်ဦးနှင့်တစ်ဦး ဆဲဆိုစိန်ခေါ်ခဲ့ကြပြီးနောက် ပြန်လည် လူစုခွဲသွားပုံရပြီး စက္ကန့်ပိုင်းအကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ ပစ်ခတ်မှုအတွင်း ရန်ပွဲတွင် ပါဝင်ခြင်းမရှိဘဲ အိမ်ပြန်ရန် လမ်းလျှောက်လာသည့် ခရီးသွား အမျိုးသားတစ်ဦးဖြစ်သည့် Panandat ၏ ခန္ဓာကိုယ်သို့ သေနတ်ကျည်ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့သည်။
ရန်ပွဲ၌ ပါဝင်သည့် အခြားလူငယ် ၄ ဦးလည်း သေနတ်ကျည် ထိမှန်ခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြသည်။
အခင်းဖြစ်ပွားပုံ ရုပ်သံမှတ်တမ်းကို ဒေသခံပြည်သူတစ်ဦးက ရိုက်ကူးထားနိုင်ခဲ့ကြောင်း သိရသည်။ မူအန်းရရောင်း (Muang Rayong) ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် အဆိုပါ ရုပ်သံမှတ်တမ်းကို သက်သေအဖြစ် စစ်ဆေးလျက်ရှိပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သူဟု ယူဆရသည့် သံသယရှိသူကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် သံသယရှိသူကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် အရေးပေါ် လိုက်လံရှာဖွေလျက်ရှိပြီး ဥပဒေအရ အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Ref: Khaosod English
