သက်တံ့
၁၉. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ စမွတ် ဆုန်ခရမ် (Samut Songkhram) ခရိုင်ရှိ ဘုန်းတော်ကြီးကျောင်း၏ သန့်စင်ခန်းအတွင်း ကျောပိုးအိတ်တစ်ခုထဲ၌ ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ခံထားရသည့် မွေးကင်းစ ယောကျ်ားလေး ကလေးငယ်တစ်ဦးအား ဒေသခံ ရေလုပ်သားတစ်ဦးက ငိုသံကြားရာမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
စမွတ် ဆုန်ခရမ်မြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေး ဒုတိယရဲအုပ် ဖွန်အာနန် ဆန်တီဝိမွန် (Phonanan Santivimon) သည် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်စဉ်ကို သတင်းရရှိသဖြင့် သပ္ပရာချိုင်း စမွတ် ဆုန်ခရမ် ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များနှင့်အတူ ကလောင်ခမ်း (Khlong Khen) ကျေးရွာအုပ်စု၊ မိူင်းခရိုင်ရှိ ဝပ်ဆရီဆတ်သာသမ် (Wat Si Satthatham) ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။
ကျောင်းဝင်းအတွင်းရှိ သန့်စင်ခန်းတစ်ခုအတွင်း၌ မွေးဖွားပြီးခါစဖြစ်ကာ ချက်ကြိုးတန်းလန်း ကျန်ရှိနေသေးသည့် မွေးကင်းစ ယောကျ်ားလေး ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ရသည်။ ကလေးငယ်အား ပန်းရောင်တာဝါဖြင့် ပတ်ထားပြီး “ULTRAMAN COSMOS” စာတန်းပါ အနက်ရောင် ကျောပိုးအိတ်အတွင်း ထည့်သွင်းထားသည်ကို တွေ့ရသည်။
ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးပြုစုကုသမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ဆွမ်ဒက် ဖရပုတ်ထလတ်လာ (Somdet Phra Phutthalertla) ဆေးရုံမှ အရေးပေါ်ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ပူးပေါင်း၍ ကလေးငယ်အား အသေးစိတ် ကုသမှုများ ဆက်လက်ခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ကလေးငယ်ကို စတင်တွေ့ရှိခဲ့သူ အသက် ၄၉ နှစ်အရွယ် ဆွမ်ချိုင်း နိလဝပ် (Somchai Nilawat) က ၎င်းသည် ပုံမှန်အတိုင်း ပုစွန်နှင့် ငါးဖမ်းရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း ပြောကြားသည်။ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သန့်စင်ခန်းအနီးမှ ပထမအကြိမ် ဖြတ်သန်းစဉ် မသင်္ကာဖွယ် အသံကြားခဲ့ရသော်လည်း အစပိုင်းတွင် သတိမထားမိခဲ့ပေ။

မိနစ် ၃၀ ခန့် ငါးဖမ်းပြီးနောက် ထိုလမ်းအတိုင်း ပြန်လာချိန်တွင် ကလေးငယ်တစ်ဦး ငိုယိုနေသည့်အသံကို ထပ်မံကြားရဆဲဖြစ်သည်ဟု ဆိုသည်။
သန့်စင်ခန်းအတွင်း မှောင်မည်းနေပြီး မီးမရှိသည့်အတွက် ဆွမ်ချိုင်းက အခြေအနေကို စုံစမ်းရန် တံခါးဖွင့်ကြည့်ခဲ့ရာ တာဝါဖြင့် ပတ်ထားပြီး အာထရာမန်း (Ultraman) ကာတွန်းရုပ်ပုံပါ ကျောပိုးအိတ်အတွင်း ထည့်ထားသည့် မွေးကင်းစ ယောကျ်ားလေး ကလေးငယ်ကို တွေ့ရှိခဲ့ရသဖြင့် ထိတ်လန့်သွားခဲ့ရသည်။ ထို့ကြောင့် ၎င်းက ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ပဏာမစုံစမ်းစစ်ဆေးမှုများအရ ကလေးငယ်အား မည်သူက စွန့်ပစ်သွားသည်ကို တိတိကျကျ မသိရသေးပေ။ စွန့်ပစ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မိခင်ဖြစ်သူမှာ ဒေသခံ လူငယ်တစ်ဦး ဖြစ်နိုင်ခြင်း၊ မထင်မှတ်ဘဲ ကိုယ်ဝန်ရရှိသွားသည့် ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်နိုင်ခြင်း သို့မဟုတ် တရားမဝင် လျှို့ဝှက်မွေးဖွားခဲ့ပြီး ဥပဒေကြောင်းအရ အရေးယူခံရမည်ကို စိုးရိမ်၍ စွန့်ပစ်သွားခြင်းဖြစ်နိုင်ကြောင်း အယူအဆမျိုးစုံဖြင့် သုံးသပ်ထားသည်။
သို့သော်လည်း အဆိုပါ သုံးသပ်ချက်များမှာ အတည်မပြုနိုင်သေးကြောင်း အာဏာပိုင်များက ဆိုသည်။
ရဲတပ်ဖွဲ့သည် ကလေးငယ်အား ဘုန်းကြီးကျောင်းတွင် လာရောက်စွန့်ပစ်သွားသူကို ဖော်ထုတ်နိုင်ရန်အတွက် အနီးဝန်းကျင်ရှိ CCTV မှတ်တမ်းများနှင့် သွားလာရေး လမ်းကြောင်းများကို စိစစ်ကြည့်ရှုလျက်ရှိသည်။ စိစစ်တွေ့ရှိရသည့် သံသယရှိသူအား ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: Khaosod English
