၂၀.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ ကနေဒီစင်တာ ခေါ် အနုပညာဗဟိုဌာနကို သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အစိုးရက ဖြိုဖျက်ပစ်နိုင်သည်ဟူသော စိုးရိမ်မှုများမြင့်တက်လာမှုနှင့်အတူ လူအုပ်ကြီးက ကနေဒီစင်တာတွင်စက်တင်ဘာလ ၁၈ ရက်က စုဝေးခဲ့ကြပြီးနောက် လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်ဒီစီမြို့၊ Foggy Bottom ရပ်ကွက်တွင် ဆန္ဒပြ လူအုပ်ကြီး စုဝေးခဲ့ကြပြီး၊ ဆန္ဒပြသူများက “ကနေဒီစင်တာကို ဝိုင်းရံလက်ချင်းချိတ်ဆက်ခြင်း” အစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ဆန္ဒပြစာသားပါ ဆိုင်းဘုတ်များကို အများအပြားက ကိုင်ဆောင်ထားခဲ့ကြသည်။
ဆန္ဒပြသမား အချို့က လက်ချင်းချိတ်ဆက်ကာ စင်တာကို ဝိုင်းရံထားလျက် လူသားကွင်းဆက်တစ်ခုကို ဖန်တီးခဲ့ကြသည်။ သမ္မတ ထရမ့်ပ် ကို ပြင်းထန်စွာ ဝေဖန်လေ့ရှိသူ သရုပ်ဆောင် လင်ဒါ ကာတာ က ဆန္ဒပြပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။
ထရမ့်ပ်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားသော ကနေဒီစင်တာ ဘုတ်အဖွဲ့သည် ၂၀၂၅ ခုနှစ်က ၎င်းအဖွဲ့အစည်း၏အမည်ကို ထရမ့်-ကနေဒီ စင်တာ ဟု ပြောင်းလဲရန် မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် မေလတွင် တရားသူကြီးတစ်ဦးက ထိုအမည်ထည့်သွင်းခြင်းမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့ပြီး အဆိုပါအမည်ကို ဖယ်ရှားရန် အမိန့်ပေးခဲ့သည်။
တရားရုံးအမိန့်အရ အဆောက်အအုံပေါ်မှ ထရမ့်ပ် ၏အမည်ကို အလုပ်သမားများက ဇွန်လအတွင်းက ဖယ်ရှားခဲ့သည့်နေရာအနီးတွင် ဆန္ဒပြသူများက “ကနေဒီစင်တာကို မထိပါးကြနှင့်” ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ဝှေ့ယမ်းပြသခဲ့ကြပြီး သီချင်းများ သီဆိုခဲ့ကြသည်။
ထိုသို့ ၎င်း၏အမည်ကို ဖြုတ်ချခံရပြီးနောက်တွင် ထရမ့်ပ် က အဆောက်အအုံကြီးကို ပြုပြင်မွမ်းမံမှုများ အကြီးစားလုပ်ဆောင်ရန် တွန်းအားပေးလျက်ရှိပြီး ယခင်က တာဝန်ယူခဲ့သူများလက်ထက်တွင် ၎င်းအဆောက်အအုံမှာ ပြုပြင် ထိန်းသိမ်းမှုမရှိဘဲ အလွန်ဆိုးရွားစွာ ပျက်စီးယိုယွင်းနေခဲ့သည်ဟု ပြောကြားထားသည်။
ထရမ့်ပ် က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် “အသိအမှတ်ပြုမှု”မရရှိပါက ကနေဒီစင်တာ ကို ဖြိုဖျက်ပစ်ဖွယ်ရှိသည်ဟု စက်တင်ဘာလ ၁၆ ရက်က အရိပ်အမြွက် ပြောကြားခဲ့သည်။
၎င်းက “အစိုးရအနေနဲ့၊ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်ပြီး ရေရှည်တာဝန်ယူဖို့၊ ဒါကို ဆက်လက်လည်ပတ်ဖို့ ဒါမှမဟုတ် လည်ပတ်နိုင်ဖို့ ရန်ပုံငွေရှာဖွေဖို့ဆိုရင် အစိုးရအနေနဲ့ သေချာပေါက် အသိအမှတ်ပြုခံရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလိုမလုပ်ဘူးဆိုရင် ဒါက ပိတ်သိမ်းသွားရလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
” ဒီလိုမှ မဟုတ်ရင် နောက်ဆုံးမှာတော့ ဒါကို ဖြိုဖျက်ပစ်ရလိမ့်မယ်။ အခု ဒါက အလွန်ဆိုးရွားတဲ့ အခြေ အနေ၊ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟုလည်း ထရမ့်ပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရပြီးနောက် ၁၉၇၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ကနေဒီစင်တာသည် ဝါရှင်တန်မြို့အတွက် ထရမ့်၏ စီမံကိန်းများတွင် အဓိကအချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည်။
ဆန္ဒပြသမားတစ်ဦးကမူ “အတိတ်က သမ္မတတစ်ဦးအတွက် အသက်ဝင်နေတဲ့ အထိမ်းအမှတ် နေရာတစ်ခုဖြစ်တဲ့ ဒီအဆောက်အအုံကို ဖြိုဖျက်ပစ်ဖို့ ဆုံးဖြတ်ပိုင်ခွင့် သူ့မှာ မရှိပါဘူး” ဟု AFP သို့ ပြောကြားခဲ့သည်။
Ref: AP, AFP
