၂၀.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းရဲကျော်စွာ (၁၁) လမ်းရှိ (၃) ထပ်တိုက်အဆောင်၏ ဒုတိယအထပ် ဝရံတာပြိုကျခဲ့ပြီး အဘွားအိုတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှု စက်တင်ဘာလ ၁၉ ရက် ည ၈ နာရီ ၂၆ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
Steel Structure သုံးထပ် လူနေအဆောင်ရှိ ဒုတိယထပ်၏ မျက်နှာစာဘက်ခြမ်းရှိ ဝရန်တာကြမ်းခင်းပြိုကျခဲ့ခြင်းဖြစ်ပြီး အဆောင်ပထမထပ်တွင် ငှားရမ်းနေထိုင်သော အသက် (၆၃) နှစ် အရွယ် ဒေါ်ဌေးအောင်တွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ ဘယ်ဘက်ခြေသလုံးပွန်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူ အဘွားအိုကို မြို့နယ် ကြက်ခြေနီအသင်းမှ လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ လူနာမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသထားရကြောင်း သိရသည်။
“အဆောင်တွေ ဆောက်လုပ်တဲ့နေရာမှာလည်း တာဝန်ရှိသူတွေက သေချာ ကြပ်မတ်သင့်တယ်။ တချို့အဆောင်တွေဆို လူနေလို့ရရုံသာ လုပ်ထားတာ၊ ဘာကိုမှ သေသေချာချာ လုပ်ထားတာမရှိဘူး။ အသက်တွေကို ကာကွယ်ပေးတဲ့ အိမ်ဆိုတာကတော့ သေချာခိုင်ခန့်ပြီး အာမခံချက်ရှိစေချင်တယ်”ဟု အဆိုပါရပ်ကွက် ဒေသခံတစ်ဦးကပြောသည်။
