၂.၆.၂၀၂၆
Written by Linn Eain
နိုင်ငံတကာတွင် လက်တလောကူးစက်ဖြစ်ပွားလျက်ရှိသည့် ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး စဉ်ဆက်မပြတ်စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတကာတွင် လတ်တလောကာလအတွင်း ကူးစက်ဖြစ်ပွားလျက်ရှိသော ရောဂါများ၊ အခြားကူးစက်ရောဂါများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်တွင် ဇွန် ၁ ရက်က ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးကုသမှုဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ဓာတ်ခွဲခန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)နှင့် ညွှန်ကြားရေးမှူး(ကူးစက်)တို့က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထားခြင်းခံရသော အီဘိုလာရောဂါ နိုင်ငံတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဌာနကြီးမှူးများနှင့် ဌာနမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
