သက်တံ့
၁. ၆. ၂၀၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ယနေ့နံနက်ပိုင်း မှ စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ စတင် တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့အထိ ကျောင်းသားလူငယ်များ ကျောင်းအပ်နှံမှုဦးရေ ၅၈ သိန်းနီးပါး (၅ ဒသမ ၇၉ သန်းကျော်) ရှိပြီး ယမန်နှစ်ထက် ကျောင်းသား၊ ကျောင်းသူ ၃ သိန်း ၂ သောင်းကျော် ပိုမို ကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံမှုများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခုတွင် ယမန်နှစ်ထက် ကျောင်းပိုမိုအပ်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးမှာ ကလေးသူငယ်ကျောင်းအပ်နှံမှု ၇၆၀၀၀ ကျော်အထိ မြင့်တက်လာသော်လည်း နေပြည်တော်၊ ပဲခူးအနောက်နှင့် မကွေးတိုင်းတို့တွင်မူ ယမန်နှစ်ထက် ကျောင်းအပ်နှံမှု အနည်းငယ်လျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်း တန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံများလည်း အခမဲ့ ပေးအပ်လျက်ရှိသလို ယခုလက်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်ဆောင်ရွက်ခဲ့သလို ယနေ့ ကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သော်လည်း ကျောင်းအပ်လက်ခံမှုများ ဆက်လက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။
၎င်းအပြင် အမှတ်(၁) တပ်မတော်လူငယ် ပညာရေးသင်တန်းကျောင်း၊ ရန်ကုန် (ရဲမွန်) နှင့် အမှတ်(၂)လူငယ်ပညာရေးသင်တန်းကျောင်း၊ နေပြည်တော် တို့တွင် အခြေခံပညာအထက်တန်းအဆင့် Grade-10 ၊ Grade-11 နှင့် Grade-12 အတန်းများ ကိုလည်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စိတ်ပါဝင်စားစွာဖြင့် လာရောက် လျောက်ထား ကျောင်းအပ်နှံသူများ များစွာရှိကြောင်း သိရှိရသည်။
