သက်တံ့
၁. ၆. ၂၀၂၆
မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဆင်းပန်း အမ်ပတ် (Simpang Ampat) ရှိ နေအိမ်တစ်လုံးတွင် မြန်မာနိုင်ငံမှလာသည်ဟုဆိုသော ဘင်္ဂါလီဇနီးမောင်နှံ ဓားဖြင့်ထိုး သတ်ဖြတ်ခံရမှုတွင် ခင်ပွန်းသေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အဓိကသံသယရှိသူ ဘင်္ဂါလီအမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၃၁ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်က ပီနန်ပြည်နယ် ဘူကစ် မာတာဂျမ်၊ တမန် ဘီလီဘစ် (Taman Belibis) ရှိ နေအိမ်တစ်လုံးတွင် အသက် ၃၁ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားတစ်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတို့သည် ဘင်္ဂါလီအချင်းချင်း ဓားဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ခင်ပွန်းဖြစ်သူမှာ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ အမြောက်အမြားရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ၎င်း၏ဇနီးဖြစ်သူမှာမူ ဒဏ်ရာများရရှိခဲ့သဖြင့် ဆီဘရန် ဂျာယာ ဆေးရုံ (Hospital Seberang Jaya) သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။

အခင်းဖြစ်ပွားပြီးနောက် အသက် ၃၈ နှစ်အရွယ် အဓိကသံသယရှိသူ ဘင်္ဂါလီအမျိုးသားကို အနီးနားရှိ အများပြည်သူက ဝိုင်းဝန်းဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်။ ဆီဘရန် ပီရိုင်း ဆီလာတန် (SPS) ခရိုင်ရဲမှူး ရဲမှူး ဂျေး ဂျန်နျူအာရီ ရှိုအူး (Supt Jay January Siowou) ၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့သည် ယနေ့ (ဇွန် ၁ ရက်) တွင် အဆိုပါ လူသတ်မှုစုံစမ်းစစ်ဆေးရေးကို အထောက်အကူပြုနိုင်ရန်အတွက် နောက်ထပ် အမျိုးသမီးနှစ်ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့် လက်ရှိတွင် ဖမ်းဆီးရမိသူ ၃ ဦး ရှိလာပြီ ဖြစ်သည်။
ပီနန်ပြည်နယ် ရဲချုပ် ဒါတု အဇီဇီ အစ္စမေးလ် (Datuk Azizee Ismail) က ယခုတိုက်ခိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း ဇာစ်မြစ်ကို သိရှိနိုင်ရန် ပတ်သက်ဆက်နွှယ်သူများထံမှ ထွက်ဆိုချက်များရယူခြင်း အပါအဝင် နောက်ထပ်စစ်ဆေးမေးမြန်းမှုများကို အကျယ်တဝင့် လုပ်ဆောင်နေကြောင်း ပြောကြားသည်။
ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်များအရ ယခုဖြစ်စဉ်သည် အိမ်တွင်းရေး အငြင်းပွားမှုတစ်ခု (Domestic Dispute) ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆရပြီး၊ အခင်းဖြစ်ပွားရာနေရာမှ သက်သေခံဓားတစ်စင်းနှင့် အနီးဝန်းကျင်ရှိ စီစီတီဗွီ (CCTV) မှတ်တမ်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းကာ စိစစ်ခွဲခြမ်းစိတ်ဖြာလျက် ရှိသည်။
လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် ဆေးရုံမှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ထားပြီး၊ မလေးရှားရဲတပ်ဖွဲ့က ယခုအမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) နှင့် အန္တရာယ်ရှိသော လက်နက်ဖြင့် ပြင်းထန်စွာ နာကျင်စေမှု ပုဒ်မ ၃၂၆ တို့ဖြင့် အမှုဖွင့်ကာ တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref : Bernama & The New Straits Times
