၁၄.၅.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် အသည်းရောင်အသားဝါ စီ ဆေးခန်းဖွင့်လှစ်ပြီး အသည်းရောင်အသားဝါ စီ ဆေး (Antiviral) ဖြင့် အခမဲ့ ကုသပေးနေကြောင်း Yangon General Hospital Facebook စာမျက်နှာတွင် မေ ၁၃ ရက်က ဖော်ပြထားမှုအရ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာနရှိ အသည်းရောင်အသားဝါ စီ (Hepatitis C clinic) ဆေးခန်းကို အပတ်စဉ် သောကြာနေ့တိုင်း နေ့လယ် (၁) နာရီမှ (၄) နာရီအထိ ဖွင့်လှစ်ကုသပေးနေခြင်းဖြစ်သည်။

အဆိုပါဆေးခန်းတွင် အသည်းရောင်အသားဝါ စီ ပိုးရှိပြီးသားလူနာများအား ပိုးကောင်ရေ (viral load) အခမဲ့ စစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါ စီ ဆေး (Antiviral) ဖြင့် အခမဲ့ ကုသပေးခြင်းနှင့် ဆေးကုသမှုပြီးဆုံးပါက (၃) လအကြာတွင် အောင်မြင်မှု ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်း အစရှိသည့် စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသည်းရောင်အသားဝါ စီ ရောဂါကို အခမဲ့ဖွင့်လှစ်ပေးခြင်းအပေါ် ပြည်သူများစွာက ဝမ်းသာစွာကြိုဆိုခဲ့ကြပြီး အဆိုပါရောဂါကို ပြင်ပတွင် ကုသလျှင် ပိုက်ဆံများစွာကုန်ကျကြောင်း Yangon General Hospital Page အောက်တွင် မှတ်ချက်ပြုထားကြသည်။
“ဝမ်းသာမိပါတယ်ရှင်။ C ပိုးက အပြင်မှာကုရင် ငွေကြေးအကုန်အကျများလွန်းတာမို့ ခုလိုစီစဥ်ပေးသူတာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု Aunty Lay အကောင့်ပိုင်ရှင်က မှတ်ချက်ပြု ရေးသားထားသည်။
ထို့ပြင် May Lwin အကောင့်ပိုင်ရှင်ကလည်း ” Free ကုပေးနေတယ်ဆိုရင် ကောင်းလိုက်တာ။ အသားဝါ C ကို ကိုယ်ကုတုန်းက ပိုးစစ်တာတောင် Over sea မှာစစ်ရတယ်။ ဆေးတစ်ပတ်တစ်ကြိမ် တစ်နှစ်ထိုးရတာ $ နဲ့ ဆေးဝယ်ရတယ်။ ၂၀၀၉ ရွှေတစ်ကျပ်သား ၅ သိန်းထင်တယ်။ အဲ့ဒီအချိန်မှာ သိန်း ၂၅၀ လောက်ကုန်ပြီးမှ ရောဂါပျောက်သွားတယ် ” ဟု ရေးသားထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာနတွင် အထွေထွေရောဂါကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးတိုးဆီးချိုရောဂါကုသခြင်း၊ ဦးနှောက်အာရုံကြောဆေးကု၊ ခွဲစိတ်ကုသခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါကုသခြင်း၊ မျက်နှာမေးရိုး၊ သွားနှင့်ခံတွင်းရောဂါကုသခြင်း၊ အရိုးရောဂါ ကုသပေးခြင်း၊ အရေပြားရောဂါကုသခြင်း၊ စိတ်ကျန်းမာရေးကုသပေးခြင်းများကိုလည်း ပုံမှန်ကုသပေးလျက်ရှိကြောင်း သိရသည်။

