သက်တံ့
၁၄. ၅. ၂၀၂၆
အမေရိကန်-အစ္စရေးနှင့် အီရန်အကြား အရှေ့အလယ်ပိုင်းဒေသ စစ်ရေးတင်းမာမှုများကြောင့် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည့် ၂၀၂၆ ခုနှစ် ဟဂျ်ဝတ်ပြုခရီးစဉ်အတွက် ဗီဇာအချိန်မီမရရှိတော့သဖြင့် ယခုနှစ်ခရီးစဉ်ကို ရပ်ဆိုင်းဖျက်သိမ်းလိုက်ကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ ၂၀၂၆ ခုနှစ် ဟဂျ်ဝတ်ပြုသွားရောက်ခြင်းဆိုင်ရာ စိစစ်ရေးအဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံအတွက် ယခုနှစ် ဟဂျ်ခွဲတမ်း ၃၅၀ ရရှိခဲ့ပြီး တစ်စောင်လျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် လျှောက်လွှာများကို မေ ၆ ရက်မှ ၈ ရက်အတွင်း ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၇၅၀ ကုန်ကျမည်ဖြစ်သော်လည်း ဆော်ဒီဘက်မှ ဗီဇာဆိုင်ရာ တုံ့ပြန်မှု အချိန်မီ ထွက်ပေါ်မလာခြင်းဖြစ်သည်။
မေ ၈ ရက် ညနေ ၄ နာရီအထိ ဗီဇာကိစ္စ ထူးခြားမှုမရှိသဖြင့် မေ ၉ ရက်တွင် ပြုလုပ်မည့် ဟဂျ်မဲနှိုက်ရွေးချယ်ပွဲကိုပါ ဖျက်သိမ်းခဲ့ရပြီး မေ ၂၅ ရက်မှ ၃၀ ရက်အထိ ပြုလုပ်ရန် လျာထားသည့် Hajj 2026 ခရီးစဉ်တစ်ခုလုံးကို မြန်မာနိုင်ငံဘက်က ယနေ့တွင် တရားဝင်ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ယခုနှစ်အတွက် ဟဂျ်ဗီဇာ တင်ဒါအောင်မြင်ခဲ့သည့် WIN WINNER TRAVEL & TOURS CO., LTD နှင့် GREAT DESERT TRAVEL & TOURS CO., LTD တို့မှ ဗီဇာအချိန်မီရရှိရန် ကြိုးပမ်းခဲ့သော်လည်း အခက်အခဲများကြောင့် မြန်မာဘုရားဖူး ၃၅၀ စေလွှတ်မည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။



