၁၄.၅.၂၀၂၆
Written by Linn Eain
မြန်မာဒူးရင်းသီးမျိုးများကို အဓိကထားပြသ၊ ရောင်းချမည့် “မြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆)” ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်း၌ မေ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)၏ ကြေညာထားမှုအရ သိရသည်။
မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာမျိုး ဒူးရင်းမျိုးရင်းများကို အဓိကထား၍ ပြသသွားမည်ဖြစ်သလို ပြည်ပပို့ကုန်တိုးမြှင့်ရန်နှင့် မြန်မာ့ဒူးရင်းမျိုးအမည်ဖြင့်ဈေးကွက်ထိုးဖောက်ရန်တို့ကိုလည်း ရည်ရွယ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ဒူးရင်းပွဲတော်ကို ခေတ်မီစိုက်ပျိုးရေးစနစ်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဆွေးနွေးဖလှယ်ရေး၊ ဒူးရင်းသီးနှံဈေးကွက်ချဲ့ထွင်ရန်၊ ရင်းနှီးမြှုပ်နံမှုနှင့် စီးပွားရေးကွန်ရက်ချိတ်ဆက်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးကောင်းဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ တိုင်းနှင့်ပြည်နယ်အသင်းများ၊ သီးနှံအသင်း/အစုအဖွဲ့များ၊ အသင်းဝင်ကုမ္ပဏီများနှင့် အသင်းသားများလည်း ဝိုင်းဝန်းပူးပေါင်းပါ၀င်ကြရန် MFVP က အသိပေးကြေညာထားသည်။
