◾ ကုန်သွယ်ရေးစစ်ပွဲတွေမှာ အနိုင်ရသူမရှိနိုင်ဟု ရှီက ဆို
၁၄.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်တို့ရဲ့ မေလ ၁၄ ရက်နံနက်က ပေကျင်းမြို့မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာတရုတ်သမ္မတရှီက ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရှိစေရေးကို ထိန်းသိမ်းကာကွယ်တာက တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား အကြီးမားဆုံးသော ဘုံတူညီချက်လက္ခဏာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရှီက ထိုင်ဝမ်ပြဿနာဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးကြီးဆုံးပြဿနာဖြစ်တယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပြီး ထိုင်ဝမ်ပြဿနာကို ကောင်းစွာကိုင်တွယ်နိုင်ရင် နှစ်နိုင်ငံဆက်ဆံရေးဟာ အလုံးစုံတည်ငြိမ်မှုရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။
ရှီက ဒါမှမဟုတ်ရင်တော့ နှစ်နိုင်ငံအကြား စိတ်သဘောထားမတိုက်ဆိုင်မှုတွေ၊ ပဋိပက္ခတွေတောင် ဖြစ်ပေါ်လာနိုင်ပြီး ဆက်ဆံရေးတစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပြီး “ထိုင်ဝမ်လွတ်လပ်ရေး” နဲ့ ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးဆိုတာကလည်း မီးနဲ့ရေလို စေ့စပ်ညှိနှိုင်းလို့မရတဲ့ အရာတွေပါလို့ အလေးပေးပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဆွေးနွေးပွဲမှာ ရှီက တရုတ်-အမေရိကန် စီးပွားရေးဆက်ဆံရေးဟာ အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး နှစ်ဖက်စလုံးအကျိုးရှိတဲ့ သဘောသဘာဝရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ရှီက “ကုန်သွယ်ရေးစစ်ပွဲတွေမှာ အနိုင်ရသူမရှိဘူးဆိုတာကို အချက်အလက်တွေက အကြိမ်ကြိမ် ပြသခဲ့ပါပြီ။ သဘောထားကွဲလွဲမှုတွေနဲ့ ပဋိပက္ခတွေရှိနေတဲ့နေရာမှာ တန်းတူရည်တူ တိုင်ပင်ဆွေးနွေးမှုကသာ တစ်ခုတည်းသော မှန်ကန်တဲ့ရွေးချယ်မှုပါ” လို့ ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးအနေနဲ့ ကြိုးစားအားထုတ်ဖန်တီးထားတဲ့ ကောင်းမွန်တဲ့ အရှိန်အဟုန်ကို အတူတကွ ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref-Xinhua
