နေမိုး
၁၄. ၅. ၂၀၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရွှေဆိုင်သိမ်းပြီး ပြန်လာသည့်ကားကို နေအိမ်ရှေ့အရောက် ပစ်ခတ်သတ်ဖြတ်ပြီး ကားနှင့်ရွှေများ လုယက်သွားမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်အချိန်က ကျိုင်းတုံမြို့၊ နောင်ခိုက်ရပ်နေ ရွှေဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးသည် ဈေးမှအပြန် ၎င်းနေအိမ်ရှေ့တွင်သေနတ်ပစ်ခတ်ခံရကာ ကားနှင့် ရွှေများ လုယက်ခံခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွားရောက်ကာကျည်ထိမှန်ကာ သေဆုံးနေသည့် အမျိုးသားတစ်ဦးအား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ဆရာဝန်များ၏စစ်ဆေးချက်ခံယူပြီး ရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ဒေသတွင်းသတင်းများနှင့် CCTV မှတ်တမ်းများအရ ကျိုင်းတုံမြို့မစျေးရှိ ခေမရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ်အပါအဝင် လူသုံးဦးလိုက်ပါလာသော ယာဥ်က ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ နောင်ခိုက်ရပ်၊ ကျိုင်းငမ်းဝပ်အင်းလမ်း နေအိမ်ရှေ့အရောက် နေအိမ်ရှေ့ရပ်ထားသည့် ကားတစ်စီးပေါ်မှ လူသုံးဦးပြေးဆင်းလာပြီး ကားမောင်းလာသည့် ဦးစိုင်းယီတစ်အား ဦးတည်ပစ်ခတ်ကာ ကားပေါ်ပါလာသူများအား ဆွဲချပြီးနောက် ချက်ချင်းမောင်းနှင်ထွက်ပြေးသွားသည်ကို တွေ့ရသည်။
အထက်ပါဖြစ်စဥ်တွင် လုယက်သတ်ဖြတ်သူများထံပါသွားသည့်ရွှေမှာ ပိဿာ ၃၀ ဟု လူမှုကွန်ရက်နှင့် သတင်းအချို့တွင် ပျံ့နှံ့နေသော်လည်း ပါဆုံးပစ္စည်းများကို စိစစ်အတည်ပြုနေဆဲသာဖြစ်သည်ဟု ကနဦး သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဦးစိုင်းယီတစ်မှာ နားထင်နှင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု သိရသည်။
