သက်တံ့
၁၄. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်းရှန်ကာ (Dr. S Jaishankar) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် (Sergey Lavrov) တို့သည် ပြောင်းလဲလာသော ပထဝီနိုင်ငံရေး တင်းမာမှုများကြားတွင် စွမ်းအင်နှင့် ကုန်သွယ်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ဗုဒ္ဓဟူးနေ့က “အပြုသဘောဆောင်သော” ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ ကြာသပတေးနေ့တွင် စတင်မည့် နှစ်ရက်ကြာ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံသို့ တက်ရောက်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး နယူးဒေလီသို့ ဆိုက်ရောက်လာပြီးနောက် မကြာမီမှာပင် ဂျိုင်းရှန်ကာနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရဂ်ချီ (Abbas Araghchi)၊ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရို ဗီအဲရာ (Mauro Vieira) နှင့် တောင်အာဖရိက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး အော့ဇီ လာမိုလာ (Ozzy Lamola) တို့သည်လည်း BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် အိန္ဒိယနိုင်ငံ မြို့တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ဂျိုင်းရှန်ကာနှင့် လက်ဗ်ရော့ဗ်တို့သည် အနောက်အာရှအရေးအခင်းနှင့် ယူကရိန်းပဋိပက္ခတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရုရှားဝန်ကြီးနှင့် ဆွေးနွေးမှုကို “အပြုသဘောဆောင်သော အမြင်ချင်းဖလှယ်မှု” ဟု ဖော်ပြခဲ့သည်။
”ကျွန်တော်တို့ရဲ့ စကားဝိုင်းမှာ အိန္ဒိယ-ရုရှား အထူးဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရဲ့ ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီထဲမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နဲ့ ချိတ်ဆက်မှု၊ သိပ္ပံနဲ့ နည်းပညာအပြင် ကျွမ်းကျင်ပညာရှင်တွေ ကူးလူးသွားလာနိုင်ရေး ကိစ္စရပ်တွေ ပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။
”နှစ်ဖက်အကျိုးတူဖြစ်ထွန်းစေမယ့် တခြားသော ကမ္ဘာ့ရေးရာနဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အိန္ဒိယက ရုရှားရေနံစိမ်း ဝယ်ယူသည့်ကိစ္စကို အဆိုပါဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ရှိ၊ မရှိကိုမူ ချက်ချင်း မသိရသေးပေ။
အစည်းအဝေးအစ ရုပ်သံအဖွင့်အမှာစကားတွင် ဂျိုင်းရှန်ကာက အိန္ဒိယနှင့် ရုရှားတို့သည် ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာ့အစီအစဉ် (Multipolarity) ကို ခိုင်မာစေရန် ဘုံအကျိုးစီးပွားရှိပြီး “ဘေးအန္တရာယ်လျှော့ချခြင်း” (De-risking) မှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
”ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးဟာ တည်ငြိမ်ပြီး စဉ်ဆက်မပြတ် တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ သိသိသာသာ အားကောင်းလာပါတယ်။ မရေရာမှုတွေနဲ့ မတည်ငြိမ်မှုတွေရှိနေတဲ့ ကမ္ဘာ့အခြေအနေမှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုက ပိုပြီးတော့တောင် တန်ဖိုးရှိပါတယ်” ဟု ဂျိုင်းရှန်ကာက ဆိုသည်။
၎င်းက ဆက်လက်၍ “သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ ကူးလူးသွားလာမှုက ပိုပြီးအရေးပါလာသလို ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ ရှိလာဖို့အတွက်လည်း ကျွန်တော်တို့ စိတ်ဝင်စားမှု ပိုရှိလာပါတယ်” ဟု ပြောကြားခဲ့သည့်အပြင်”ရှုပ်ထွေးနေတဲ့ နိုင်ငံတကာအခြေအနေတွေကြောင့် ယုံကြည်ရတဲ့ မိတ်ဖက်နှစ်ဦးကြားမှာ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး ဗီအဲရာနှင့် တောင်အာဖရိကဝန်ကြီး လာမိုလာတို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သည်။ ထို့အပြင် မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အီရူသီရှမ် အဒမ် (Iruthisham Adam) နှင့်လည်း တွေ့ဆုံခဲ့သည်။
”ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First policy) ကို အလေးထား ပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ မော်လ်ဒိုက်နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် အိန္ဒိယရဲ့ ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်” ဟု ဂျိုင်းရှန်ကာက X (ယခင် Twitter) တွင် ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံသည် BRICS အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာလတွင် ကျင်းပမည့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးမတိုင်မီ ယခု နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်း ဖြစ်သည်။
မူလက ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ဖြင့် ဖွဲ့စည်းထားသော BRICS သည် ၂၀၂၄ ခုနှစ်တွင် အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် ယူအေအီးတို့ ပါဝင်လာကာ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံပါ ထပ်မံပူးပေါင်းခဲ့သည်။
BRICS သည် ကမ္ဘာ့လူဦးရေ၏ ၄၉ ဒသမ ၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ GDP ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၂၆ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည့် အဓိကထွက်ပေါ်လာစ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၁၁ နိုင်ငံကို စုစည်းထားသဖြင့် သြဇာညောင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။
ယနေ့ BRICS အစည်းအဝေးကို ဂျိုင်းရှန်ကာက သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
Ref: NDTV




