၁၄.၅.၂၀၂၆
Written by Linn Eain
လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုသို့စည်ကမ်းလိုက်နာရန် အသိပညာပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီး မေ ၁၄ ရက်ကစတင်ကာ ဒဏ်ငွေချမှတ်အရေးယူရန် လျာထားခဲ့သော်လည်း ယခုအခါ အသိပညာပေးကာလကို တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက “ပထမကတော့ မေ ၁၄ ရက်က စပြီး ဒဏ်ငွေချမှတ် အရေးယူဖို့ရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ပိုပြီး အသိပညာပေးဖို့အတွက် သတ်မှတ်ကာလကို တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ကစပြီး အရေးယူဖို့ ညွှန်ကြားတာ မရှိသေးပါဘူး။ နောင်ဆိုရင်တော့ အရေးယူတာတွေ ရှိလာမှာပါ” ဟု ပြောကြားခဲ့သည်။
အသိပညာပေးမှုများကို ရန်ကုန်မြို့ရှိ လမ်းဆုံ၊ လမ်းခွနှင့် လူကူးကုန်းကျော်တံတားများရှိသည့်နေရာများနှင့် အခြားမြို့နယ်များရှိ လူစည်ကားရာ မီးပွိုင့်များတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ YRTC နှင့် အခြားဌာနဆိုင်ရာတို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းကူးများကို ကူးသန်း၊ အသုံးပြုသူများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများကို လိုက်နာရန်လိုအပ်ပြီး ရန်ကုန်မြို့တွင်းလမ်းများတွင် မီးပွိုင့် မီးစိမ်းလျှင်လည်း ဖြတ်သန်းသွားလာသူများပြားလျက်ရှိသည်ကို တွေ့ရသည်။
ထိုသို့ စည်ကမ်းလိုက်နာမှုမရှိပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ ပြည့်နှစ် ပုဒ်မ ၉၆ အရ ကျပ်ငွေ သုံးသောင်းထက်မပိုသော ငွေဒဏ်ကို ချမှတ်အရေးယူနိုင်ကြောင်း သိရသည်။







