၁၄.၅.၂၀၂၆
Translated by Htwe Ko Tun
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က အလိုရှိနေတဲ့ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ရော်နယ် ဘာတို ဒယ်လာ ရိုဆာက သူ့ကို ဖမ်းဆီးမှုနဲ့ ICC သို့ လွှဲပြောင်းပေးမှုမှ ရှောင်ရှားဖို့ တတိယမြောက်နေ့အဖြစ် ပုန်းအောင်းနေတဲ့ မက်ထရိုမနီလာ မြို့တော်နယ်မြေရှိ အထက်လွှတ်တော် အဆောက်အအုံအတွင်းမှာ မေလ ၁၃ ရက် ညက မကြုံစဖူး သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ အကြမ်းဖက်မှုညတစ်ည ဖြစ်သွားခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
ရော်နယ် ဘာတို ဒယ်လာ ရိုဆာ (Ronald “Bato” dela Rosa) ဟာ လက်ရှိအချိန် ICC မှာ တရားရင်ဆိုင်နေရတဲ့ သမ္မတဟောင်း ဒူတာတေးလက်ထက်က ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ထိုစဉ်က ပြုလုပ်ခဲ့တဲ့ လူသေဆုံးမှုနဲ့ သွေးထွက်သံယိုများပြားလှတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့ ICC က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ အလိုရှိနေသူ ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုအပေါ် အထက်လွှတ်တော်ဥက္ကဋ္ဌ အလန် ပီတာ ကာယက်တာနိုနဲ့ ပြည်ထဲရေးဝန်ကြီး ဂျွန်ဗစ် ရီမူလာတို့ဟာ ပစ်ခတ်မှု ဘယ်သူစတင်ခဲ့သလဲဆိုတာ ချက်ချင်းမပြောနိုင်ကြဘဲ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

အထက်လွှတ်တော် အဆောက်အအုံရဲ့ ဒုတိယထပ် စင်္ကြံန်မှာ ည ၇း၄၆ နာရီခန့်မှာ ပထမဆုံး သေနတ်သံနှစ်ချက် ထွက်ပေါ်လာပြီးနောက် သေနတ်သံများစွာ ထွက်ပေါ်လာခဲ့ပြီး တချို့က အော်တိုမက်တစ်သေနတ်သံတွေလို့ ယူဆရတယ် ဆိုပါတယ်။
အထက်လွှတ်တော် တပ်ကြပ်ကြီးရုံး (Osaa) မှ လက်နက်ကိုင်အဖွဲ့ဝင်တွေ ကျည်ကာအင်္ကျီတွေ ဝတ်ဆင်ထားသူအချို့၊ ရဲနဲ့ မရိန်းတပ်ဖွဲ့ဝင် တချို့ကို အခင်းဖြစ်ပွားရာနေရာမှာ ဖြန့်ကျက်နေရာယူထားတာတွေ့ရပါတယ်။
နောက်ပိုင်း မီးတွေပိတ်သွားတဲ့ စင်္ကြံန်မှာ သေနတ်သံတွေနဲ့အတူ လူတွေ အော်ဟစ်သံတွေကို ကြားရပါတယ်။ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတုံး သတင်းထောက် အများအပြားကို ထိုနေရာမှ ထွက်ခွာဖို့ ညွှန်ကြားခဲ့ရပါတယ်။ ကွက်ကြားထွက်ပေါ်လာတဲ့ သေနတ်ပစ်ခတ်မှုတွေက သုံးမိနစ်ထက် မပိုဘူးလို့လည်း သိရပါတယ်။
ဖိလစ်ပိုင် အွန်လိုင်း သတင်းချယ်နယ် မှ သတင်းထောက်တစ်ဦးက သတင်းထောက်အချို့နဲ့ ကင်မရာသမားတွေ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ထွက်ပြေးကြခိုက်မှာ ကင်မရာသုံးချောင်းထောက်တွေ ပြုတ်ကျလို့ ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာ ထိုနေရာကို ပိတ်ဆို့ထားပါတယ်။ ပြည်ထဲရေးဝန်ကြီး ရီမူလာက ည ၈း၃၀ နာရီလောက်မှာရောက်လာခဲ့ပြီး အထက်လွှတ်တော်ခြောက်ထပ်အဆောက်အအုံကို တစ်ထပ်ချင်းစစ်ဆေးသွားမှာဖြစ်ပြီး အနီးနားက အစိုးရဝန်ဆောင်မှုအာမခံစနစ် (GSIS) အဆောက်အအုံကိုလည်း စစ်ဆေးမယ်လို့ ပြောခဲ့ပါတယ်။
ဘယ်သူက ပစ်ခတ်မှုကိုစတင်ခဲ့တာလဲ ဒါမှမဟုတ် အထက်လွှတ်တော် ရေတပ်လုံခြုံရေးတပ်ဖွဲ့ အပါအဝင် ဥပဒေစိုးမိုးရေးအဖွဲ့နဲ့ အမည်မဖော်နိုင်တဲ့ သေနတ်သမားတွေကြား တကယ့်ပစ်ခတ်မှု ဟုတ်မဟုတ် ချက်ချင်းမသိရသေးပါဘူး။
ရီမူလာက “သမ္မတ မားကို့စ်က ဒီမှာရှိနေနိုင်တဲ့ အထက်လွှတ်တော်အမတ်တွေကို လုံခြုံအောင် လုပ်ပေးဖို့ တင်းကျပ်တဲ့ ညွှန်ကြားချက်တွေ ပေးခဲ့ပါတယ်၊ ကျွန်တော်တို့မှာ ဒယ်လာ ရိုဆာကို ဖမ်းဆီးဖို့ တာဝန်မရှိပါဘူး။ အမှန်တော့ သူ့ကို ကာကွယ်ဖို့ ရောက်နေတာပါ” လို့ ပြောခဲ့ပါတယ်။
သမ္မတ မားကို့စ်ကလည်း ဒီကိစ္စမှာအစိုးရက ဦးဆောင်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
တင်းမာမှုဖြစ်ရပ်အပြီး သမ္မတက အစိုးရအနေဖြင့် ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောကြားခဲ့ပြီး ဤကိစ္စနဲ့ပတ်သက်လို့ ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်မယ်လို့ ပြည်သူလူထုကို အာမခံခဲ့ပါတယ်။
အာဏာပိုင်တွေက ဒယ်လာ ရိုဆာကို ICC ဖမ်းဝရမ်းထုတ်ဖို့ ထပ်မံကြိုးစားနေချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြခဲ့ကြပေမယ့် မေလ ၁၃ ရက်မှာအထက်လွှတ်တော်အမတ်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်ဆိုတာမဟုတ်မှန်ဘူးလို အစိုးရအရာရှိတွေက နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ယူနီဖောင်းဝတ်ထားပြီး ဦးထုပ်ဆောင်းထားကာ သေနတ်ရှည်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသားတချို့ဟာ ဓာတ်လှေကားအနီးမှာ အထက်လွှတ်တော် လုံခြုံရေးရုံးက အဖွဲ့ဝင်တချို့နဲ့ စကားပြောနေတာကို အစောပိုင်းက မြင်တွေ့ခဲ့ရတယ် လို့လည်း သတင်းတွေက ဆိုကြပါတယ်။
Ref-inquirer.com

