
သက်တံ့
၁၃. ၅. ၂၀၂၆
မီးစက်များနှင့် လျှပ်စစ်ထုတ်လွှတ်မှုထိန်းချုပ်သည့် Electrical Control Cabinets များအား မြန်မာနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းသည်ဟု ယူဆရသည့် ထိုင်းနိုင်ငံသား ၃ ဦးအား စူရာစီအထူးတပ်ဖွဲ့က ယမန်နေ့ညက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၎င်းတို့ကို ထိုင်း-မြန်မာနယ်စပ်အနီး၊ ကန်ချနာဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု၊ အကွက် (၈) ရှိ အဝေးပြေးလမ်းမ အမှတ် – ၃၂၃ (ဆန်ခလဘူရီ – ဘုရားသုံးဆူလမ်းပိုင်း) ပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သံသယရှိသူများ၏ ကုန်တင်ကား ၃ စီးပေါ်မှ ဒီဇယ်မီးစက် ၂ လုံးနှင့် လျှပ်စစ်ထိန်းချုပ်စက် ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိသည့် ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ထိုင်းဘတ် ၁၀ သန်းခန့် ရှိသည်။
မီးစက်များပေါ်တွင် တရုတ်စာလုံးများ ရေးထိုးထားသည်ကို တွေ့ရသည်။ ယာဉ်မောင်းများကို အကောက်ခွန်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများ ပြသရန် တောင်းဆိုရာတွင် တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့ပေ။
အခြေခံစစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့သည် ကန်ချနာဘူရီရှိ လတ်ယာကျေးရွာအုပ်စုမှတစ်ဆင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်အနီးရှိ ဝယ်ယူသူတစ်ဦးထံသို့ အဆိုပါကုန်စည်များကို ပို့ဆောင်ရန် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုက ငှားရမ်းခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။
အဆိုပါ ပို့ဆောင်ရေးကုမ္ပဏီပိုင်ရှင်များကိုပါ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: Thai PBS
