




သက်တံ့
၁၃. ၅. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်ရန် ယနေ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ရာ တရုတ်နိုင်ငံက ခမ်းနားထည်ဝါစွာ ကြိုဆိုခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ဒေါ်နယ်ဒ် ထရမ့်ပ်သည် မေလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်နေခြင်း ဖြစ်သည်။
ယခုခရီးစဉ်သည် ၉ နှစ်နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဒေါ်နယ်ဒ် ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်သည်။
နှစ်ရက်ကြာ ခရီးစဉ်အတွင်း ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေးအခွန်များ (Tariffs) နှင့် နည်းပညာကဏ္ဍ အပြိုင်အဆိုင်ဖြစ်မှု၊ အီရန်စစ်ပွဲ အခြေအနေ၊ အမေရိကန်နှင့် ထိုင်ဝမ်တို့၏ ဆက်ဆံရေးများကို ဆွေးနွေးဖွယ်ရှိနေသည်။
ယခုခရီးစဉ်သည် မူလက မတ်လတွင် လာရောက်ရန် စီစဉ်ထားသော်လည်း အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကြန့်ကြာခဲ့ခြင်းဖြစ်သည်။ သမ္မတထရမ့်ပ်သည် လေယာဉ်ပေါ်မှ ဆင်းလာစဉ် တရုတ်ဒုသမ္မတ ဟန်ကျိန်း (Han Zheng) က ကြိုဆိုခဲ့သည်။ ယခင်ခရီးစဉ်ကထက် ပိုမိုမြင့်မားသည့် အဆင့်ရှိသူက လာရောက်ကြိုဆိုခြင်းမှာ ပေကျင်းဘက်က အမေရိကန်သမ္မတအပေါ် လေးစားမှုပြသခြင်းဟု ရှုမြင်ကြသည်။
ထို့အပြင် ယခုခရီးစဉ်တွင် ထရမ့်ပ်၏သားဖြစ်သူ အဲရစ်ထရမ့်ပ် (Eric Trump) နှင့်အတူ Tesla စီအီးအို အီလွန်မတ်စ် (Elon Musk)၊ Nvidia စီအီးအို ဂျန်ဆန်ဟွမ် (Jensen Huang) တို့အပါအဝင် အမေရိကန် နည်းပညာလောကမှ ထိပ်သီးလုပ်ငန်းရှင်ကြီးများလည်း လိုက်ပါလာကြသည်။
“တရုတ်နိုင်ငံကို ပိုမိုပွင့်လင်းလာအောင် လုပ်ဆောင်ပေးဖို့ သမ္မတရှီကို ကျွန်တော် တောင်းဆိုသွားမှာပါ။ ဒါမှသာ ကျွန်တော်တို့နဲ့ ပါလာတဲ့ ထူးချွန်တဲ့သူတွေက သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီ ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ထရမ့်ပ်က လေယာဉ်မဆင်းမီ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
တွေ့ဆုံမှုအတွင်း အဓိက ဆွေးနွေးမှုများအဖြစ် အီရန်စစ်ပွဲကြောင့် ရေနံတင်ပို့မှုများ ပြတ်တောက်နေပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်နေမှုသည် ယခုဆွေးနွေးပွဲတွင် အဓိက အရေးပါလာမည်ဖြစ်သည်။ အလားတူ အမေရိကန် စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်က ပိုမိုဝယ်ယူရန် ထရမ့်ပ်က တိုက်တွန်းမည်ဖြစ်ပြီး၊ တရုတ်ဘက်ကလည်း အမေရိကန်၏ ကုန်သွယ်ရေးအခွန်များ လျှော့ချပေးရန် ဖိအားပေးမည်ဟု ယူဆရသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲသည် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများကြားတွင် အင်အားကြီးနှစ်နိုင်ငံ၏ ရှေ့ဆက်မည့် မူဝါဒများကို ဆုံးဖြတ်ပေးမည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
Ref : Xinhua & BBC
