၁၁. ၃. ၂၀၂၆
Translated by Thettant
ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ယန္တရားအောက်တွင် ပထမဆုံးသော ကာဗွန်ခရက်ဒစ် (Carbon Credits) များကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကြေညာခဲ့သည်။ ဤယန္တရားသည် သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ် မထိန်းသိမ်းဘဲ ဟန်ပြလုပ်ဆောင်ခြင်း (Greenwashing) ဆိုင်ရာ စိုးရိမ်မှုများဖြင့် စောင့်ကြည့်စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသော စနစ်တစ်ခုလည်း ဖြစ်သည်။
ပဲရစ်ရာသီဥတုသဘောတူညီချက်အရ တည်ထောင်ထားသည့် ကုလသမဂ္ဂက ဦးစီးသော ဤကာဗွန်ခရက်ဒစ်ဈေးကွက်သည် ကုမ္ပဏီများနှင့် နိုင်ငံများအနေဖြင့် အခြားနိုင်ငံများရှိ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးစီမံကိန်းများကို ငွေကြေးထောက်ပံ့ခြင်းဖြင့် ၎င်းတို့၏ ပိုလျှံနေသော ဓာတ်ငွေ့ထုတ်လွှတ်မှုများကို ပြန်လည်ခုနှိမ်ရန် (Offset) ခွင့်ပြုထားခြင်းဖြစ်သည်။
ဝေဖန်သူများကမူ အဆိုပါစီမံကိန်းများကို စနစ်တကျ မချမှတ်နိုင်ပါက နိုင်ငံများ သို့မဟုတ် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဓာတ်ငွေ့လျှော့ချမှုကို ချဲ့ကားပြောဆိုခြင်း (Greenwash) များ ပြုလုပ်လာနိုင်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရန် ကြိုးပမ်းချက်များကို အဟန့်အတားဖြစ်စေမည်ဟု စိုးရိမ်နေကြသည်။
လေထုကို မညစ်ညမ်းအောင် စီမံဆောင်ရွက်နိုင်မှုအတွက် ငွေကြေးဖြင့်ဖလှယ်နိုင်သော ကာဗွန်ခရက်ဒစ်ဈေးကွက်သစ်အောက်တွင် ပထမဆုံး ထုတ်ပေးလိုက်သည့် ကာဗွန်ခရက်ဒစ်များမှာ မြန်မာနိုင်ငံရှိ စီမံကိန်းတစ်ခုမှ ဖြစ်ကြောင်း ကုလသမဂ္ဂ ရာသီဥတုအေဂျင်စီ UN’s Climate Agency)က ဆိုသည်။ အဆိုပါစီမံကိန်းသည် အိမ်တွင်းလေထုညစ်ညမ်းမှုကို လျှော့ချပေးပြီး ဒေသတွင်း သစ်တောများအပေါ် ဖိအားလျော့နည်းစေမည့် စွမ်းအင်ချွေတာရေး ထင်းသုံးမီးဖိုများကို ဖြန့်ဝေပေးသည့် စီမံကိန်းဖြစ်သည်။
တောင်ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်သည့် ဤစီမံကိန်းမှ ရရှိလာသော ကာဗွန်ခရက်ဒစ်များကို တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များအတွက် ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ပဲရစ်သဘောတူညီချက် (Paris Agreement) စည်းမျဉ်းသစ်များအောက်တွင် ၂၀၁၅ ပဲရစ်သဘောတူညီချက် (Article 6.4) အရ ကုလသမဂ္ဂက တိုက်ရိုက်ကြီးကြပ်သည့် စံနှုန်းအသစ်ဖြင့် ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုခံရသည့် ကာဗွန်ခရက်ဒစ် စီမံကိန်းမှာ မြန်မာနိုင်ငံမှ စွမ်းအင်ချွေတာရေး ထင်းသုံးမီးဖိုများကို ဖြန့်ဝေပေးသည့် စီမံကိန်းတစ်ခုသာ အသိအမှတ်ပြုခံထားရသည်။
ပဲရစ်သဘောတူညီချက်၏ ကာဗွန်ခရက်ဒစ်ပေးရေးယန္တရား (PACM) အသစ်အောက်တွင် ပိုမိုတင်းကျပ်သော တွက်ချက်မှုများကို အသုံးပြုထားသည့်အတွက် ဓာတ်ငွေ့လျှော့ချနိုင်မှုနှုန်းမှာ ယခင်စနစ်ဟောင်းထက် ၄၀ ရာခိုင်နှုန်း ပိုမိုနည်းပါးသွားကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၂ ဘီလျံကျော်သည် ထင်း၊ ကျောက်မီးသွေး သို့မဟုတ် တိရစ္ဆာန်ချေးများကဲ့သို့သော လောင်စာများဖြင့် မီးဖိုများတွင် ချက်ပြုတ်နေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုသည်။ ယင်းမှ ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးနေရသည်။
မြန်မာနိုင်ငံရှိ စီမံကိန်းမှ မီးဖိုများသည် ထင်းလောင်စာကို ပိုမိုထိရောက်စွာ လောင်ကျွမ်းစေသောကြောင့် လောင်စာအသုံးပြုမှုနည်းပါးပြီး အိမ်တွင်းမီးခိုးထွက်ရှိမှုကို များစွာလျှော့ချပေးနိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိနှုန်းထားအရ ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၇၈ ရာခိုင်နှုန်းသာ သန့်ရှင်းသော ချက်ပြုတ်မှုစနစ်ကို ရရှိနိုင်မည်ဟု WHO က ခန့်မှန်းထားသည်။
ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အကြီးအကဲ Simon Stiell က “သန့်ရှင်းသော ချက်ပြုတ်မှုစနစ်သည် ကျန်းမာရေးကို ကာကွယ်ပေးသလို သစ်တောတွေကိုလည်း ထိန်းသိမ်းပေးတယ်၊ ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးပါတယ်။ အထူးသဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှုဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အခွင့်အာဏာမြှင့်တင်ပေးနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။
၂၀၁၅ ပဲရစ်သဘောတူညီချက်အသစ်တွင် ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီစင်တီဂရိတ်အောက် သိသိသာသာ လျှော့ချရန်နှင့် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အတွင်းသာ ရှိရန် ရည်မှန်းထားပြီး နိုင်ငံများအကြား ကာဗွန်လျှော့ချမှုဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ရန်လည်း ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံတွင် ပြုလုပ်ခဲ့သော COP29 ထိပ်သီးအစည်းအဝေးတွင် ဤကာဗွန်ဈေးကွက်ယန္တရားအတွက် စည်းမျဉ်းသစ်များကို သဘောတူခဲ့ကြသည်။
