သတိုး
၂၈. ၄. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ တင်းကျပ်လွန်းသည့် လုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းများ၏ လမ်းညွှန်မှု လွဲမှားခြင်းကြောင့် ကွယ်လွန်သူ၏ စုဆောင်းငွေထုတ်ယူနိုင်ရန် စိတ်ပျက်အားငယ်ခဲ့ရသည့် အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားပြီဖြစ်သော အစ်မဖြစ်သူ၏ အရိုးစုကို ဘဏ်အတွင်းသို့ သယ်ဆောင်လာကာ သက်သေပြခဲ့ရသည့် တုန်လှုပ်ဖွယ်ဖြစ်ရပ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ကို အိန္ဒိယသတင်းဌာနများက ယနေ့ ဖော်ပြနေကြသည်။
◼️ လုပ်ထုံးလုပ်နည်းများ၏ သားကောင်ဖြစ်ခဲ့ရ
ဖြစ်စဉ်မှာ သြရိဿပြည်နယ်၊ ကင်ဂျဟာ (Keonjhar) ခရိုင်ရှိ Odisha Grameen ဘဏ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂျီတူးမန်ဒါ (Jeetu Munda) အမည်ရှိ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် အသက် ၅၆ နှစ်အရွယ်တွင် ကွယ်လွန်သွားသော ၎င်း၏အစ်မဖြစ်သူ ကယ်လ်ရာ မန်ဒါ၏ အကောင့်ထဲမှ ရူပီးငွေ ၂၀,၀၀၀ ကို ထုတ်ယူရန် ကြိုးပမ်းခဲ့ရာမှ စတင်ခဲ့သည်။
ဂျီတူးသည် အစ်မဖြစ်သူ အမှန်တကယ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဘဏ်သို့ အကြိမ်ကြိမ် သွားရောက်ပြောဆိုခဲ့သော်လည်း ဘဏ်ဝန်ထမ်းများက အကောင့်ပိုင်ရှင် ကိုယ်တိုင်လာရောက်မှသာ ငွေထုတ်ပေးနိုင်မည်ဟု တင်းကျပ်စွာ တုံ့ပြန်ခဲ့ကြသည်။

◼️ အမှန်တရားအတွက် သင်္ချိုင်းမြေကို ပြန်တူးခဲ့ရ
စာမတတ်သဖြင့် ဥပဒေကြောင်းအရ အမွေဆက်ခံသူအဖြစ် သက်သေပြရမည့် နည်းလမ်းများကို နားမလည်သော ဂျီတူးသည် ဘဏ်ဝန်ထမ်းများ၏ “အကောင့်ပိုင်ရှင်ကို ခေါ်လာခဲ့ပါ” ဟူသော စကားကြောင့် အဆုံးစွန်ထိ စိတ်ပျက်သွားခဲ့သည်။ သူသည် အစ်မဖြစ်သူ သေဆုံးသွားကြောင်းကို မြင်သာထင်သာရှိသည့် သက်သေပြနိုင်ရန်အတွက် မြှုပ်နှံထားသည့် သင်္ချိုင်းကျင်းကို ပြန်လည်တူးဆွကာ အစ်မဖြစ်သူ၏ အရိုးစုကို ဆာလာအိတ်အတွင်း ထည့်သွင်း၍ ဘဏ်သို့ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ ဧပြီ ၂၇ ရက်၏ နေပူကြဲကြဲအောက်တွင် သုသာန်မှ ဘဏ်ရှိရာသို့ သုံးကီလိုမီတာကွာအောင် ဖိနပ်ဗလာဖြင့် အရိုးစုကို ထမ်းလာသော ဂျီတူးက အရိုးစုဦးခေါင်းပိုင်းကို ဆာလာအိတ်ဖြင့် ပတ်ထားသဖြင့် အရိုးကျစပြုနေပြီဖြစ်သည့် ဦးခေါင်းပိုင်းကို မမြင်ရသော်လည်း ခြေထောက်နှစ်ချောင်းမှာမူ အရိုးကျစပြုနေပြီဖြစ်သည်ကို ပတ်ဝန်းကျင်က ထိတ်လန့်ဖွယ်ရာ မြင်တွေ့ခဲ့ရသည်။
“ကျွန်တော် ဘဏ်ကို အခါခါလာပေမဲ့ သူတို့က အကောင့်ပိုင်ရှင်ကို ခေါ်လာမှ ငွေထုတ်ပေးမယ်လို့ပဲ ပြောနေကြတယ်။ သူမ သေသွားပြီလို့ ပြောတာကိုလည်း မယုံကြဘူး။ ဒါကြောင့် သေသွားပြီဆိုတာ သက်သေပြဖို့ အရိုးစုကို သယ်လာခဲ့တာပါ” ဟု ဂျီတူးက သတင်းထောက်များကို ဖြေကြားခဲ့သည်။

◼️ တာဝန်ရှိမှုနှင့် ဝေဖန်မှုများ
ဒေသခံရဲအရာရှိ ကီရန်ပရာဆတ်ဆာဟူးက ယခုဖြစ်ရပ်တွင် ဘဏ်၏ တာဝန်ပျက်ကွက်မှုကို ထောက်ပြခဲ့သည်။ “ဂျီတူးဟာ စာမတတ်တဲ့သူတစ်ယောက်ပါ။ ဘဏ်ဝန်ထမ်းတွေအနေနဲ့ ကွယ်လွန်သူရဲ့ အကောင့်ထဲက ငွေကို ထုတ်ယူဖို့ လိုအပ်တဲ့ တရားဝင်အမွေဆက်ခံသူ (Legal Heir) ဒါမှမဟုတ် အကျိုးခံစားခွင့်ရှိသူ (Nominee) ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် ရှင်းပြပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုဖြစ်ရပ်သည် ခေတ်မီဘဏ်စနစ်များတွင် အခြေခံလူတန်းစားများနှင့် စာမတတ်သူများအပေါ် လမ်းညွှန်ကူညီမှု အားနည်းခြင်းနှင့် ဘဏ်လုပ်ထုံးလုပ်နည်းများသည် လူသားချင်းစာနာမှုထက် စာရွက်စာတမ်းများကိုသာ ဦးစားပေးနေခြင်း ရှိ၊ မရှိဆိုသည့်အပေါ် ပြင်းထန်သော မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ကြားဝင်စွက်ဖက်ပေးခဲ့ပြီး ဂျီတူးအနေဖြင့် ၎င်း၏အစ်မအကောင့်ထဲမှ ငွေကို ရရှိနိုင်ရန် စီစဉ်ပေးမည်ဟု ကတိပြုထားသလို စုဆောင်းငွေရရှိရေး တူးဖော်လာခဲ့သည့် အစ်မဖြစ်သူ၏ အရိုးစုကိုလည်း ရဲတပ်ဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်လည်မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရှိရသည်။
Ref : HT & NDTV
