နေမိုး
၂၈. ၄. ၂၀၂၆
ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ “ဝ”လက်နက်ကိုင် UWSA နဲ့ ကိုးကန့်တရုတ် MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်ဘက်က သတ်မှတ်ထားတဲ့ နယ်စပ်စည်းမျဥ်းကိုကျော်ပြီး မြန်မာ့ပိုင်နက်ဘက်ခြမ်းအထိ ခြံစည်းရိုး ရှေ့တိုးခတ်လာနေတာကို “ဝ” လူငယ့်အသံက မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ UWSA ထိန်းချုပ်နယ်မြေက Wa News Land (WNL) က ဖော်ပြပါတယ်။





အဆိုပါ ကျူးကျော်လာတဲ့အခြေအနေကို MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရွှေလီနဲ့ UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ် (မန်ခါး) ဂိတ်တွေဘက်မှာ တွေ့ရှိရတဲ့အပြင် ချင်းရွှေဟော်မှာတော့ တရုတ်ဘက်က ခြံစည်းရိုးသစ်နဲ့အတူ နယ်စပ်ဂိတ်သစ်တစ်ခုကိုလည်း တိုးချဲ့ဆောင်ရွက်လာနေတယ်လို့လည်း WNL က ပြောပါတယ်။
ဒါ့အပြင် ချင်းရွှေဟော်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက “ဂိတ်အသစ်၊ ခြံစည်းရိုးအသစ်၊ အုတ်တံဒိုင်းအသစ်နဲ့ ၃ ဆင့်တောင်မြင်နေရတယ်။ အရင်က တရုတ်ဂိတ်ကအနောက်မှာ အခုကတော့ အရှေ့ကိုရောက်သွားပြီ။ ခြံစည်းရိုးအသစ်ခတ်လိုက်တော့ အိမ် ၃ အိမ်လောက်လည်း ဟိုဘက်တရုတ်ခြမ်းထဲရောက်သွားတာ။ နှစ်ဖက်သဘောတူညီမှုနဲ့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ အုတ်ရိုးတံတိုင်းတွေလည်း အမြင့်ကြီးဆောက်နေကြတာ။ ဘက်ဖိုးကားတွေလည်း ဟိုဘက်ဒီဘက် အဝင်အထွက်နဲ့ ဆောက်လုပ်ရေးကို တွဲပြီးလုပ်ကိုင်နေကြတယ်”လို့ ပြောတာကို ဖော်ပြထားပါတယ်။







“ဝ” တပ် – UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ် (မန်ခါး) ဂိတ်ဘက်တွေမှာလည်း အရင်နေရာထက်ကျော်ပြီး ခြံစည်းရိုးအသစ်ဆောက်လုပ်ထားတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ သတင်းအရင်းအမြစ်က “နမ့်တစ်မှာ တရုတ်ထဲဝင်ဖို့ စာအုပ်လုပ်ရင်းတွေ့ခဲ့တာ။ အရင် တရုတ်ဂိတ်လည်း ရှေ့တိုးလာတယ်။ ခြံစည်းရိုးအသစ်ပြန်လုပ်ထားတာတွေရတယ်။ အရင်ကချောင်းခြားတယ်။ အခုအဲ့ချောင်းက တရုတ်ထဲပါသွားပြီ”လို့ ပြောတာကိုလည်း ထပ်ဆင့်ဖော်ပြထားပါတယ်။
အခုလို တရုတ်ရဲ့နယ်မြေကျူးကျော်ပြီး ခြံစည်းရိုးအသစ်ခတ်လာတဲ့အပေါ် UWSA ရော MNDAA ပါ နှုတ်ဆိတ်နေပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာမျိုး မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
Ref & Photo – Wa News Land
