◾ ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ကမ္ဘာ့အကြီးမားဆုံးသဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်ခု တည်ဆောက်ရန်ရှိ

၂၈.၄.၂၀၂၆
Translated by Htwe Ko Tun
ရုရှားနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စွမ်းအင်ထောက်ပံ့မှုသည် ၂၀၂၅ ခုနှစ်ကုန်တွင် အမေရိကန် ဒေါ်လာ ၈၀ ဘီလျံနီးပါးရှိခဲ့ပြီး ရုရှားအစိုးရနှင့် တရုတ်အစိုးရတို့အကြား မိတ်ဖက်ဆက်ဆံရေးသည် ပြင်ပရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိနေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အီဂော မောဂူလော့ဗ်က ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြည်တွင်းစွမ်းအင်ထောက်ပံ့မှုမှာ ၂၀၂၅ ခုနှစ်ကုန်တွင် အမေရိကန် ဒေါ်လာ ၈၀ ဘီလျံနီးပါးရောက်ရှိခဲ့ရာ ထိုပမာဏက အပြန်အလှန်ကုန်သွယ်မှုအားလုံး၏ သုံးပုံတစ်ပုံထိရှိလာခဲ့သည်။ ရုရှားသည် နှစ်ပေါင်းများစွာကြာအောင် တရုတ်ဈေးကွက်သို့ ရေနံနှင့် မကြာသေးမီက သဘာဝဓာတ်ငွေ့ အများဆုံးတင်ပို့သူဖြစ်ခဲ့ပြီး ထိပ်တန်းကျောက်မီးသွေးတင်ပို့သူ သုံးဦးတွင် အဆက်မပြတ်ရပ်တည်ခဲ့သည်။
ရုရှားနှင့်တရုတ်နှစ်နိုင်ငံ ပူးပေါင်း၍ နျူကလီးယားစွမ်းအင်အပါအဝင် ကြီးမားသော ပူးတွဲစီမံကိန်း အများအပြားကို အကောင်အထည်ဖော်လျက်ရှိပြီး နည်းပညာကဏ္ဍနှင့် စိမ်းလန်းသော အစီအစဉ်တွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုကိုလည်း ထူထောင်ထားကြောင်း သံအမတ်ကြီးက Izvestia နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
ယခုနှစ်အစပိုင်းမှစ၍ “ဤနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်ရွေ့လျားမှုက ပိုမို မြင့်တက် လာခဲ့သည်” ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်အတွင်း ရေနံတင်ပို့မှုကလည်း ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပထမသုံးလပတ်တွင် ၃၀ ရာခိုင်နှုန်း ကျော် မြင့်တက်လာခဲ့ပြီး အရှေ့အလယ်ပိုင်းပဋိပက္ခ အထွတ်အထိပ်သို့ ရောက်ရှိချိန် မတ်လတွင်သာမက ထို့အရင်လများအတွင်းပါ တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း မောဂူလော့ဗ်က ပြောခဲ့သည်။
Power of Siberia ဓာတ်ငွေ့ပိုက်လိုင်းမှပို့ဆောင်မှုကလည်း တဖြည်းဖြည်း မြင့်တက်လာနေပြီး LNG သဘာဝဓာတ်ငွေ့ရည် ထောက်ပံ့မှုများ သိသိသာသာ တိုးလာနေသည်ကို တွေ့မြင်နေရကြောင်း မောဂူလော့ဗ် က ဆက်လက်ပြောကြားခဲ့သည်။
မောဂူလော့ဗ် က “ဤအရာအားလုံးက ရုရှား-တရုတ် စွမ်းအင်မိတ်ဖက်အဖွဲ့အနေနဲ့ အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ရန်လိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းလို ပြင်ပရိုက်ခတ်မှုတွေကို ခံနိုင်ရည်ရှိတယ်ဆိုတာ နောက်ထပ်အတည်ပြုချက်တစ်ခုပါပဲ” ဟုပြောကြားခဲ့သည်။
ထို့အပြင်ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်ခြင်းကြောင့် တည်ထောင်ထားသော ထောက်ပံ့ရေး ကွင်းဆက်များကို ထိခိုက်စေသည့် အခြေအနေတွင် ရုရှားနိုင်ငံက တရုတ်နှင့် အခြားနိုင်ငံများအတွက် ယုံကြည်စိတ်ချရသော စွမ်းအင်ထောက်ပံ့သူအဖြစ် ၎င်း၏အဆင့်အတန်းကို အတည်ပြုပြသနိုင်ခဲ့ခြင်း လည်းဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ရုရှားနှင့်တရုတ်တို့က ယခုအခါ ကမ္ဘာပေါ်တွင် အကြီးမားဆုံး စွမ်းအင်စီမံကိန်းတစ်ခုလည်းဖြစ်သည့် Power of Siberia 2 ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။
ယခုအခါ အဆိုပြုထားသော ထိုဓာတ်ငွေ့ပိုက်လိုင်းက ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားနယ်ကိုဖြတ်၍ တရုတ်နိုင်ငံသို့ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၅၀ ခန့်နှစ်စဉ်ပို့ပေးနိုင်မည်ဖြစ်ရာ အင်အားကြီး နှစ်နိုင်ငံတို့အကြား ဆက်ဆံရေးများက ပို၍ပင်ခိုင်မာလာဖွယ်ရှိနေသည်။
ရုရှားနိုင်ငံအတွက် စွမ်းအင်တင်ပို့မှုတွင် ဆုံးရှုံးခဲ့ရသော ဥရောပဈေးကွက်နေရာ၌ တရုတ်နိုင်ငံဈေးကွက် ကို အစားထိုးနိုင်မည်ဖြစ်သလို တရုတ်နိုင်ငံအဖို့လည်း တိုးတက်လျက်ရှိသော နိုင်ငံစီးပွားရေးအတွက် ရေရှည်စွမ်းအင်လုံခြုံစိတ်ချရမှုကို ဖြစ်စေမည်ဖြစ်သည်။
အကယ်၍သာ Power of Siberia 2 ဓာတ်ငွေ့ပိုက်လိုင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက ကမ္ဘာ့သဘာဝဓာတ်ငွေ့ကုန်သွယ်ရေးနှင့်စွမ်းအင်ဆိုင်ရာ ပထဝီနိုင်ငံရေးအဖြစ် ဆယ်စုနှစ် ပေါင်းများစွာ ပုံဖော်ပေးလိမ့်မည်ဟု ယူဆရသည်။
Ref- Tass News, Only Engineers Can Understand
