◾ ရွေ့လျားစွမ်းအင်ထုတ်စက်အသွင် ထရပ်ကားတင် နျူကလီးယားပါဝါဘဏ်သည် အလတ်စား AI စင်တာတစ်ခု လည်ပတ်နိုင်မည့် ၁၀ မဂ္ဂါဝပ် စွမ်းအင်ထုတ်လုပ်ပေးနိုင်မည်

သက်တံ့
၂၈. ၄. ၂၀၂၆
တရုတ်နိုင်ငံသည် ထရပ်ကားဖြင့် သယ်ဆောင်နိုင်ပြီး ‘ပါဝါဘဏ်’ ကဲ့သို့ အသုံးပြုနိုင်မည့် ရွေ့လျား နျူကလီးယားဓာတ်ပေါင်းဖို စွမ်းအင်ထုတ်စက် ရှေ့ပြေးပုံစံတစ်ခုကို စမ်းသပ်နေပြီဖြစ်ကြောင်း ဦးဆောင်သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။
အဆိုပါ ဓာတ်ပေါင်းဖိုသည် ကမ္ဘာ့ပထမဆုံးသော ၁၀ မဂ္ဂါဝပ် (10MW) ထွက်ရှိသည့် ပါဝါဘဏ်အသွင် ယာဉ်တင် နျူကလီးယားစွမ်းအင်ထုတ်စက် ဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှ ထွက်ရှိမည့် စွမ်းအင်ပမာဏသည် အလတ်စား AI ဒေတာစင်တာတစ်ခုလုံးကို လည်ပတ်ရန် လုံလောက်ကြောင်း သိရသည်။
”ကျွန်တော်တို့ အဆိုပြုထားတဲ့ ဒီကားတင် ‘နျူကလီးယား ပါဝါဘဏ်’ ဟာ မျိုးဆက်သစ် နျူကလီးယားစွမ်းအင်စနစ်တွေရဲ့ စံနမူနာတစ်ခုပဲ ဖြစ်ပါတယ်” ဟု Hefei Institute of Physical Science လက်အောက်ရှိ နျူကလီးယားစွမ်းအင် ဘေးကင်းလုံခြုံမှု နည်းပညာအင်စတီကျုမှ အဓိကသိပ္ပံအကြံပေး Wu Yican က Science and Technology Daily သို့ ပြောကြားခဲ့သည်။
တရုတ်သိပ္ပံအကယ်ဒမီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ Wu က ဤနည်းပညာသည် အလွန်သေးငယ်သော်လည်း ဘေးကင်းမှု အထူးမြင့်မားကြောင်းနှင့် စွမ်းအင်ပြန်ဖြည့်စရာမလိုဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် လည်ပတ်နိုင်ကြောင်း ရှင်းပြသည်။ ထို့အပြင် “ဒါဟာ ဝေးလံခေါင်သီတဲ့ဒေသတွေ၊ ကျွန်းတွေ၊ အရေးပေါ် အရန်စွမ်းအင် လိုအပ်တဲ့ နေရာတွေနဲ့ AI ဒေတာစင်တာတွေအတွက် ‘ဘက်ထရီ အားကုန်မယ့် စိုးရိမ်စိတ်’ (Battery Anxiety) ကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: SCMP
