

၄.၁၁.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့၊အမှတ် (၅) ရပ်ကွက်၊ ဝိန်းလောင်းတံတားအနီးတွင် စိတ်ရိုင်းဝင်နေသော ကျွဲတစ်ကောင်သောင်းကျန်းမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု နိုဝင်ဘာလ ၃ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စိတ်ရိုင်းဝင်နေသော ကျွဲတစ်ကောင်က ၎င်းကိုထိန်းကျောင်းနေသော ကျွဲကျောင်းသားကို ခွေ့ကာ အနီးရှိ ဆန်အရောင်းဆိုင်ထဲသို့ ဝင်ရောက်သောင်းကျန်းနေသဖြင့် ကျွဲကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ကျွဲက စိတ်ရိုင်းဝင်ပြီး ကျွဲကျောင်းသားကို ခွေ့ပြီးမှာ ဆန်ဆိုင်ထဲဝင်မွှေတာ။ ကျွဲက သောင်းကျန်းနေတော့ လူတွေကလည််း အနားမကပ်ရဲဘူး။ ဆန်ဆိုင်ထဲကပစ္စည်းတွေလည်း ပျက်စီးသွားတယ် “ဟု ဒေသခံတစ်ဦးကပြောသည်။
ကျွဲခွေ့ခံရမှုကြောင့် ကျွဲကျောင်းသားတွင် လက်ဖျံရိုးကျိုးဒဏ်ရာနှင့် နံရိုးကျိုးဒဏ်ရာများ ရရှိခဲ့ပြီး တန့်ယန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကာ လူနာမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
