
သတိုး
၂၉. ၄. ၂၀၂၆
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် မိမိနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာများကို “သေချာစွာ ပြန်လည်သုံးသပ်ပြီးနောက်” ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် ပိုမိုကျယ်ပြန့်သော OPEC+ မဟာမိတ်အဖွဲ့တို့မှ မေလ ၁ ရက်နေ့တွင် စတင်အာဏာတည်မည့် နုတ်ထွက်မှု ဆုံးဖြတ်ချက်ကို အင်္ဂါနေ့(ဧပြီ ၂၈ ရက်) တွင် ကြေညာခဲ့သည်။
UAE ၏ OPEC ရေနံအဖွဲ့ကြီးမှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်သည် နှစ်ပေါင်း ၆၅ နှစ်သက်တမ်းရှိပြီဖြစ်သော မဟာမိတ်အဖွဲ့ကို တုန်လှုပ်သွားစေခဲ့သည်။ ဤအဖွဲ့သည် ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားပြီး ကမ္ဘာတဝှမ်းရှိ စွမ်းအင်ဈေးနှုန်းများအပေါ် အဓိကလွှမ်းမိုးထားသောအဖွဲ့ဖြစ်သည်။
မေလတွင် နုတ်ထွက်ပြီးနောက် ရေနံစိမ်းထုတ်လုပ်မှုကို “ဝယ်လိုအားနှင့် ဈေးကွက်အခြေအနေများအပေါ် မူတည်၍ တဖြည်းဖြည်းချင်း စနစ်တကျ တိုးမြှင့်သွားရန်” ရည်မှန်းထားကြောင်း UAE က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
လက်ရှိတွင် အီရန်နိုင်ငံက ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့ထားဆဲဖြစ်သဖြင့် UAE အပါအဝင် ပါရှန်းပင်လယ်ကွေ့နိုင်ငံများမှ ရေနံများကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဈေးကွက်အပေါ် ချက်ချင်းသက်ရောက်မှု မရှိနိုင်သေးသော်လည်း ရေရှည်တွင် ရေနံဈေးနှုန်းများအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။
◾ ဈေးကွက်ကို လွှမ်းမိုးထားသည့် OPEC ၏ အခန်းကဏ္ဍ
OPEC (ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့) ကို ၁၉၆၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် အီရန်၊ အီရတ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလားနိုင်ငံတို့က ဘဂ္ဂဒက်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် UAE အပါအဝင် အဖွဲ့ဝင် ၁၂ နိုင်ငံရှိပြီး ၎င်းတို့သည် ကမ္ဘာ့ရေနံလက်ကျန်သိုလှောင်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကြသည်။
ယင်းတို့၏ရည်ရွယ်ချက်မှာ ရေနံထုတ်လုပ်မှုကို တိုးခြင်း သို့မဟုတ် လျှော့ခြင်းဖြင့် ဈေးနှုန်းကို ထိန်းညှိရန်ဖြစ်သလို အဖွဲ့ဝင်နိုင်ငံများ၏ ဘတ်ဂျက်ဝင်ငွေ လုံလောက်စေရန် ဈေးနှုန်းကို မြှင့်ထားချင်သော်လည်း၊ ရေနံသုံးစွဲသည့်နိုင်ငံများ စီးပွားရေးကျဆင်းသွားစေလောက်သည်အထိ ဈေးနှုန်းမတက်စေရန် ထိန်းညှိခြင်းဖြစ်သည်။
ဤလုပ်ရပ်သည် အမေရိကန်ကဲ့သို့သော နိုင်ငံများ၏ ဝေဖန်မှုကို ခံရလေ့ရှိသည်။ ယခင်ကလည်း သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် OPEC သည် “ကမ္ဘာကြီးကို ခေါင်းပုံဖြတ်နေသည်” ဟု စွပ်စွဲခဲ့သလို၊ ဂျိုးဘိုင်ဒင်ကလည်း ရေနံပိုမိုထုတ်လုပ်ရန် တိုက်တွန်းခဲ့ဖူးသည်။
◾ ထုတ်လုပ်မှု ကန့်သတ်ချက်များအပေါ် UAE ၏ မကျေနပ်မှု
UAE သည် ရေနံရောင်းချမှုကို လွတ်လပ်စွာ ဆုံးဖြတ်လိုခြင်းဖြစ်သည်။ OPEC ကဲ့သို့သော အစုအဖွဲ့များသည် ဈေးနှုန်းကို မြှင့်တင်ပေးနိုင်သော်လည်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် ဝင်ငွေကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည်။
အဓိကအချက်တစ်ခုမှာ ကျွမ်းကျင်သူများက လာမည့်နှစ်များတွင် ကမ္ဘာကြီးသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းသွားမည်ဖြစ်ရာ ရေနံသုံးစွဲမှု လျော့ကျသွားမည်ဟု ခန့်မှန်းထားကြသည်။ ထိုသို့ ကမ္ဘာကြီးက စွမ်းအင်အသွင်ကူးပြောင်းရေး (Green Energy) သို့ ဦးတည်နေသဖြင့် ရေနံဝယ်လိုအား မကျဆင်းမီ UAE က ၎င်း၏ရေနံများကို ပိုမိုရောင်းချလိုသည်။ OPEC မှ ထွက်ခြင်းဖြင့် ထုတ်လုပ်မှုတိုးကာ ဝင်ငွေတိုးစေပြီး ၎င်းမှရရှိသော ငွေကြေးများဖြင့် နိုင်ငံ၏ စီးပွားရေးပုံစံသစ် ပြောင်းလဲမှုကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
နုတ်ထွက်မှုအပေါ် အဖွဲ့ဝင်နိုင်ငံများနှင့် ကြိုတင်တိုင်ပင်ခြင်း ရှိမရှိ မေးမြန်းရာတွင် UAE စွမ်းအင်ဝန်ကြီး Suhail Mohamed Al Mazrouei က မည်သည့်နိုင်ငံနှင့်မျှ ဆွေးနွေးခြင်းမရှိဘဲ ဤနုတ်ထွက်မှုသည် နိုင်ငံ၏ “အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ဆုံးဖြတ်ချက်” (Sovereign Decision) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
အမှန်တကယ်တွင် UAE သည် OPEC ၏ အဓိကအဖွဲ့ဝင်ဖြစ်သော်လည်း အထူးသဖြင့် ဆော်ဒီအာရေဗျနှင့် ထုတ်လုပ်မှုခွဲတမ်း (Quota) ကန့်သတ်ချက်စနစ်အပေါ် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။
◾ ရေနံဈေးနှုန်းအပေါ် OPEC ၏ လွှမ်းမိုးမှု လျော့ကျနိုင်ခြင်း
UAE နုတ်ထွက်သွားခြင်းကြောင့် OPEC ၏ ရေနံဈေးကွက်ကို ထိန်းညှိနိုင်စွမ်း အားနည်းသွားနိုင်သည်။ “ထုတ်လုပ်မှုစွမ်းအား မြင့်မားသည့် UAE မရှိတော့သဖြင့် OPEC အနေဖြင့် ဈေးကွက်မတည်ငြိမ်မှုကို ထိန်းညှိရန် ပိုမိုခက်ခဲသွားလိမ့်မည်” ဟု Rystad Energy မှ ကျွမ်းကျင်သူ Jorge Leon က ပြောကြားခဲ့သည်။
ဒူဘိုင်းအခြေစိုက် Qamar Energy ၏ CEO ဖြစ်သူ Robin Mills က OPEC သည် UAE ၏ ထုတ်လုပ်မှုကို တစ်ရက်လျှင် ရေနံစည် ၃ ဒသမ ၂ သန်းခန့်သာ ထုတ်ရန် ကန့်သတ်ထားသော်လည်း အမှန်တကယ်တွင် UAE သည် တစ်ရက်လျှင် စည် ၅ သန်းနီးပါးအထိ ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု CNN သို့ ပြောကြားခဲ့သည်။
“UAE ဟာ ရေနံထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ဒါကို OPEC ရဲ့ ကန့်သတ်ချက်တွေအောက်မှာ လုပ်ဖို့ ခက်ခဲပါတယ်” ဟု Carnegie Russia Eurasia Center မှ Sergey Vakulenko က ဆိုသည်။
◾ ရေလက်ကြား ပိတ်ဆို့ထားသရွေ့ ရေနံဈေးနှုန်း မကျနိုင်သေး
အီရန်က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားသည်။ ၎င်းသည် လက်ရှိတွင် ရေနံဈေးနှုန်း မြင့်တက်နေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။
စစ်ပွဲများအပြီး ရေလက်ကြား ပြန်ပွင့်လာပြီး UAE က ရေနံပိုမိုထုတ်လုပ်နိုင်မှသာ ရေနံဈေးနှုန်းသည် စစ်မဖြစ်ခင်က အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်သည်။ လက်ရှိအခြေအနေတွင်မူ ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် ရေနံရရှိနိုင်မှု (Supply) နည်းပါးနေပြီး ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ ဆက်လက် မြင့်တက်နေဦးမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။
ကျွမ်းကျင်သူအချို့က UAE ၏ နုတ်ထွက်မှုသည် စီးပွားရေးအကျိုးအမြတ်အပြင် လက်ရှိဒေသတွင်း ပဋိပက္ခများနှင့်လည်း ဆက်စပ်နေသည်ဟု ရှုမြင်ကြသည်။
အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခအတွင်း အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် UAE သည် အထိနာခဲ့ပြီး ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ၏ တုံ့ပြန်မှုအပေါ် စိတ်ပျက်ခဲ့ခြင်းကလည်း ဤဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးခဲ့သည်ဟု အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ကျွမ်းကျင်သူ Bao Chengzhang က ဆိုသည်။ UAE နုတ်ထွက်သွားခြင်းက OPEC ၏ ကမ္ဘာ့ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းကို ၃၀ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ လျော့ကျသွားစေမည်ဟုလည Pickering Energy Partners မှ Dan Pickering က ပြောသည်။
ရေနံဈေးနှုန်းများ အမြင့်ဆုံးသို့ ရောက်နေချိန်တွင် UAE နုတ်ထွက်ခြင်းသည် ထုတ်လုပ်သူအချင်းချင်းကြား ယုံကြည်မှု လျော့နည်းလာခြင်းကို ပြသနေသည်။ ၎င်းသည် စစ်ပြီးခေတ် စွမ်းအင်မဟာဗျူဟာများအတွက် ရေရှည်အကျိုးသက်ရောက်မှု ရှိလာနိုင်ပြီး ဈေးကွက်အတွင်း မတည်ငြိမ်မှုအသစ်များကို ဖြစ်ပေါ်စေမည်ဖြစ်သလို “ပင်လယ်ကွေ့ဒေသရဲ့ စည်းလုံးညီညွတ်တဲ့ ရေနံမူဝါဒခေတ်ဟာ ကုန်ဆုံးသွားပြီလို့ ထင်ရပါတယ်” ဟု အထက်ပါ ပညာရှင်များက မှတ်ချက်ပေးခဲ့ကြသည်။
Ref: AP, Xinhua Net
