၂၉.၄.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း၊ အမဲချောင်းအတွင်း ဂဏန်းပိုက်ချနေသော လူငယ်တစ်ဦး မိကျောင်းအကိုက်ခံရသဖြင့် သေဆုံးမှု ဧပြီလ ၂၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကံဆိပ်ကျေးရွာတွင် နေထိုင်သော အသက် ၁၈ နှစ်အရွယ် မောင်မိုးဝေယံမှာ လှေတစ်စီးဖြင့် အမဲချောင်း၌ ဂဏန်းပိုက်ချနေစဥ် ၁၅ ပေခန့်ရှည်ပြီး ဗျက် ၃ ပေခန့်ရှိသော မိကျောင်းတစ်ကောင်က ရေထဲမှ လှမ်းကိုက်ရာ လှေဘေးကို တိုက်မိ၍ လှေလူးကာ လူငယ်က ရေထဲပြုတ်ကျသွားစဥ် မိကျောင်းက ကိုက်ချီသွားခဲ့ကြောင်း သိရသည်။
မိကျောင်းကိုက်ခံရသူကို ဒေသခံများက အမဲချောင်းအတွင်း၌ ဝိုင်းဝန်းရှာဖွေခဲ့ရာ တစ်နာရီဝန်းကျင်အကြာ ည ၈ နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
“မိကျောင်းအကိုက်ခံရတဲ့ ကောင်လေးက ဘယ်ဘက်လက်ဖျံ၊ လက်ခုံ၊ ဘယ်ဘက်ပေါင်၊ ကျောကုန်း၊ ခါးအနောက်ဘက်တွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ၊ ဒဏ်ရာတွေက အများကြီးပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။
မိကျောင်းကိုက်ခံရ၍ သေဆုံးသူ၏ရုပ်အလောင်းကို စက်ဆန်းတိုက်နယ်ဆေးရုံဆီ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မိကျောင်းများကျက်စားနေထိုင်ပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် မိကျောင်းများမိတ်လိုက်ကာ ဩဂုတ်လအတွင်း အသိုက်ကိုက်ဥချလေ့ရှိသည်။
မိတ်လိုက် ဥချချိန်နှင့် သားပေါက်ချိန်များတွင် မိကျောင်းများ ရန်လိုစိတ်ပြင်းပြပြီး ထိုလပိုင်းများတွင် မိကျောင်းအကိုက်ခံရမှု ပိုမိုဖြစ်ပွားတတ်ကြောင်း ရေနေသတ္တဝါကျွမ်းကျင်သူတစ်ဦးက ပြောကြားထားသည်။
