၂၉.၄.၂၀၂၆
Written by Linn Eain
ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းစေရန် တင်တောင်းငွေများဖြင့် မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်ထိမ်းမြားစေပြီး ရရှိသောငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူ၍ တရုတ်နိုင်ငံသို့ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို ဧပြီ ၂၄ ရက်က အလုပ်နှင့် ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (၁၉) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် အလုပ်လုပ်ကိုင်ရန်အတွက် တစ်မြို့နယ်တည်းနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင်အားတိုင်ပင်ခဲ့ရာ မယုယုခိုင်က တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၈၀/၂၀၀ ရရှိမည်ဟု စည်းရုံးပြောဆို၍ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် (ပတ္တမြားဈေးအနီးရှိ) လက်ဖက်ရည်ဆိုင်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ (၁၉) ရပ်ကွက်နေ ကိုဇာနည်မင်းနှင့်တွေ့ဆုံပေးခဲ့ရာ ကိုဇာနည်မင်းက အဆိုပါအမျိုးသမီးကို တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) နှင့် ဆက်လက်တွေ့ဆုံပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) က သဘောကျသဖြင့် တင်တောင်းငွေ ကျပ်သိန်း ၁၈၀ ပေးမည်ဟုပြောဆိုပြီး ကိုဇာနည်မင်းကို အကျိုးဆောင်ခငွေကျပ် ၅ သိန်းနှင့် မင်္ဂလာဆွမ်းကျွေးရန် ငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း၊ မင်္ဂလာဆွမ်းကျွေးသည့်နေ့တွင် တင်တောင်းငွေ ကျပ် သိန်း ၈၀ နှင့် ကျောက်တံတားခရိုင်တရားရုံးတွင် လက်ထပ်ထိမ်းမြား လက်မှတ်ရေးထိုးစဉ် ငွေကျပ်သိန်း ၅၀ ကို အမျိုးသမီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ငွေကျပ်သိန်း ၅၀ ကိုလေယာဉ်တက်ချိန်ပေးမည်ဟုပြောဆိုခဲ့ပြီး တရုတ်နိုင်ငံသို့သွားရောက်ရန် စာရွက်စာတမ်းများပြုလုပ်ကာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ရွှေပဒုမ္မာဟိုတယ်တွင် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းစေရန် တင်တောင်းငွေများဖြင့် မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူ တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်)၊ ကိုဇာနည်မင်းနှင့် မယုယုခိုင်တို့သုံးဦးကို အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရွှေပြည်သာမြို့မရဲစခန်းက (ပ)၂၀၃/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မင်္ဂလာဒုံခရိုင်တရားရုံးက ဧပြီ ၂၄ ရက်တွင် တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ မယုယုခိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ အရ ကျင့် ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
