သက်တံ့
၂၉. ၄. ၂၀၂၆
မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲခံထားရသော ရုရှားအမျိုးသမီးတစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ Telegram ချန်နယ်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
“မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးဝန်ထမ်းများ၊ ဗီယက်နမ်နိုင်ငံအခြေစိုက် ရုရှားပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ် (မြန်မာနှင့် လာအိုနိုင်ငံတို့အတွက်ပါ တာဝန်ယူရသူ)နှင့် မြန်မာ့လုံခြုံရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် အင်ဒိုချိုင်းနားဒေသတွင် လှုပ်ရှားနေသည့် အွန်လိုင်းလိမ်လည်သူများ၏ သားကောင်ဖြစ်ခဲ့ရသော ရုရှားနိုင်ငံသူတစ်ဦးကို ဧပြီ ၂၀ ရက်နေ့တွင် ကယ်တင်နိုင်ခဲ့သည်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရုရှားအမျိုးသမီးကို လတ်တလောတွင် မြဝတီမြို့အနီးရှိ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်နှင်ဒဏ်ပေးဆောင်သည့် စခန်းတစ်ခုတွင် ထားရှိသည်။ သူမနှင့်အတူ ပြီးခဲ့သည့် မတ်လအတွင်းက အလားတူ Call Center (ကျားဖြန့်) တစ်ခုမှ လွတ်မြောက်လာသည့် အခြားရုရှားအမျိုးသမီးတစ်ဦးကိုလည်း အတူတကွ ထားရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးသည် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းကာ အဆိုပါ ရုရှားအမျိုးသမီးနှစ်ဦးအား နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် မေလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ရုရှားသံရုံးဝန်ထမ်းများထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယခင်ကလည်း ပြည်ပရောက် မျိုးချစ်နိုင်ငံသားများ ကူညီစောင့်ရှောက်ရေး ဗဟိုညှိနှိုင်းရေးစင်တာ (UCCSCA) ၏ ဒုတိယဥက္ကဋ္ဌ Ivan Melnikov က ထိုင်းနိုင်ငံတွင် ပြန်ပေးဆွဲခံရပြီး မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသော ရုရှားအမျိုးသမီးငယ်တစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း TASS သတင်းဌာနသို့ ပြောကြားခဲ့ဖူးသည်။
ပြီးခဲ့သည့် မတ်လအစောပိုင်းကလည်း မြန်မာ-ထိုင်းနယ်စပ်အနီးတွင် အလားတူနည်းလမ်းဖြင့် ပြန်ပေးဆွဲခံခဲ့ရသော အခြားရုရှားအမျိုးသမီးတစ်ဦးကို ရုရှားနှင့် မြန်မာကိုယ်စားလှယ်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကယ်တင်နိုင်ခဲ့သည်။
Rer : Tass
