၂၉.၄.၂၀၂၆
Written by Linn Eain
အနောက်တိုင်းဆေးများ ရောနှောထားပြီး စံမညီတိုင်းရင်းဆေးဝါးများဖြစ်သည့် တိုင်းရင်းဆေးခြောက်မျိုးကို တင်သွင်းဖြန့်ဖြူးရောင်းချပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများ အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိပြီး ယင်းသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ကာယသုခဆရာကြီးဖိုးဘစံ အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး(ဆေးမှုန့်/ဆေးထုပ်)၊ ငွေနတ်သားအမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး(ဆေးမှုန့်/ဆေးထုပ်)၊ သစ္စာရှင်အမှတ်တံဆိပ် အဆစ်အမျက်နာနှင့်အကိုက်အခဲပျောက်ဆေး(ဆေးမှုန့်/ဆေးထုပ်)၊ မေတ္တာရှင်အမှတ်တံဆိပ် လေးဖက်နာ၊ အဆစ်အမျက်နာ၊ ဂေါက်ရောဂါနှင့် အကိုက်အခဲပျောက်ဆေး(ဆေးမှုန့်/ဆေးထုပ်)နှင့် ရွှေဆေးအမှတ်တံဆိပ် အဆစ်အမျက်အကိုက်အခဲ သောက်ဆေး (ဆေးမှုန့်/ဆေးထုပ်)တို့သည် အခြားဆေး၏ တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်- TMR နံပါတ်အား ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေဟင်္သာအမှတ်တံဆိပ် အဆစ်အမျက် အကိုက်အခဲသောက်ဆေး (ဆေးမှုန့်/ဆေးထုပ်)သည် တိုင်းရင်း ဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီ မဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေး ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းဆေးအမည်များတွင် စစ်ဆေးတွေ့ရှိရသည့် အနောက်တိုင်းဆေးများမှာ Paracetamol နှင့် Diclofenac တို့ဖြစ်ပြီး ၎င်းတိုင်းရင်းဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများသုံးစွဲရန် မသင့်လျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ထို့ပြင် ဝိဇ္ဇာအောင်အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး(ဆေးမှုန့်/ဆေးထုပ်)သည် အခြားဆေး၏ တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်-TMR နံပါတ်အား ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးဖြစ်သဖြင့် ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း သိရသည်။





