၂၉.၄.၂၀၂၆
Written by Linn Eain
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် နိုင်ငံသားများ၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို “လမင်းစီမံချက်” ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လ၀ကပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique ID ထုတ်ပေးရေးလုပ်ငန်းကို “လမင်းစီမံချက်” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက်၊ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရက် (၁၀၀) လမင်းစီမံချက်ကာလအတွင်း မြို့နယ်ရုံးများ၏ အပြင်အဆင်၊ ပြည်သူအတွက် ဧည့်ကြိုဝန်ထမ်းထားရှိရေး၊ ပြည်သူနားနေဆောင်ထားရှိရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်မြန်ဆန်စွာဆောင်ရွက်ရေး အလေးအနက်ထား မှာကြားလိုကြောင်း၊ လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ကြိုတင်ပြင်ဆင်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအတွက် လိုအပ်သည့်အထောက်အထားများ ကြိုတင် စီစဉ်ဆောင်ရွက်ထားနိုင်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သဘာဝဘေးနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသူများ၊ အထောက်အထားမပြည့်စုံသူများကို မိမိတို့ဝန်ထမ်းများက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာမြို့နယ်အဆင့် ငါးဦးကော်မတီဖြင့် စိစစ်အတည်ပြု၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ထုတ်ပေးကာ UID တစ်ပါတည်းကောက်ယူရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်အား လမင်းစီမံချက်ဖြင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသော်လည်း လုပ်ငန်းများပြီးစီးခြင်းမရှိပါက လုပ်ငန်းကာလထပ်မံတိုးမြှင့်ကာ လျာထားချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလင်းဇော်ထွန်းနှင့် ဒေါက်တာခိုင်ခိုင်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
