◾️မြန်မာနိုင်ငံတွင် ထိုင်းဘတ်အား ကုန်သွယ်မှုကဏ္ဍတွင်သာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်လည်း ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား
၂၉. ၄. ၂၀၂၆
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေအား ကုန်သွယ်မှုကဏ္ဍတွင်သာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ယမန်နေ့တွင် ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. Yordying Supasri နှင့်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံက နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍ၏ ကုန်သွယ်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့ပြင် ပို့ကုန်ရငွေမှ မြန်မာကျပ်ငွေသို့ လဲလှယ်ခြင်းကို တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သည့်မူဝါဒအား ကြိုဆိုပါကြောင်း၊ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုကြောင်း ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံက ပြောကြားသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးတည်ငြိမ်မှုရရှိစေရန်၊ ငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန်၊ ငွေကြေးဖောင်းပွမှု လျော့ကျစေရန်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် ခိုင်မာတိုးတက်စေရန်၊ ဘဏ်လုပ်ငန်းစနစ် တည်ငြိမ်စေရန်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ထိုင်းဘတ်အား ကုန်သွယ်မှုကဏ္ဍတွင်သာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ထိုင်းနိုင်ငံဘဏ်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
