သတိုး
၂၉. ၄. ၂၀၂၆
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်များ၌ အမုန်းစကားများကို ဟန့်တားရန် ပျက်ကွက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် Facebook ၏ မိခင်ကုမ္ပဏီ Meta အပေါ် ဘင်္ဂါလီနှစ်ဦးက တရားစွဲဆိုထားမှုကို အမေရိကန် အယူခံတရားရုံးတစ်ခုက ပယ်ချလိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု၏ နည်းပညာကုမ္ပဏီကြီးများ တည်ရှိရာ ဒေသကို တာဝန်ယူရသည့် နဝမပတ်လမ်း အယူခံတရားရုံး (The Ninth Circuit Court of Appeal) က အင်္ဂါနေ့ (ဧပြီ ၂၈ ရက်) တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတရားရုံးသည် Meta, Google နှင့် Apple ကဲ့သို့သော ကုမ္ပဏီကြီးများနှင့် ပတ်သက်သည့် အမှုများကို အဓိက ကိုင်တွယ်ရသည့် ရုံးလည်း ဖြစ်သည်။
ဆက်သွယ်ရေး ကျင့်ဝတ်ဥပဒေ (Communications Decency Act) ပုဒ်မ ၂၃၀ အရ အဆိုပါ စွပ်စွဲချက်များမှာ တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း နဝမပတ်လမ်း အယူခံတရားရုံး၏ တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“တရားလိုတွေက Facebook ရဲ့ ဒီဇိုင်းဟာ လူသားတွေရဲ့ ပင်ကိုယ်စိတ်မကောင်းတဲ့ အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့လောကမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့တယ်လို့ ယုံကြည်နေကြပါတယ်” ဟု ဒေါ်နယ်ဒ် ထရမ့်ပ် ခန့်အပ်ခဲ့သော တရားသူကြီး Ryan Nelson က စာမျက်နှာ ၂၀ ပါ စီရင်ချက်တွင် ရေးသားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ပုဒ်မ ၂၃၀ အရ ဒီစွဲချက်တွေကို ပိတ်ပင်ထားပါတယ်။ လူသားမျိုးနွယ်ရဲ့ ကံဆိုးလှတဲ့ အရှိတရားတွေအတွက် Meta မှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ မသတ်မှတ်နိုင်ပါဘူး။”ဟု ယင်းက ဆိုသည်။
အမည်မဖော်လိုသူ ဘင်္ဂါလီတရားလိုနှစ်ဦးသည် ၂၀၂၂ ခုနှစ်တွင် Meta ကို အစုအဖွဲ့လိုက် တရားစွဲဆိုမှု (Class Action) စတင်ခဲ့ပြီး၊ ကုမ္ပဏီ၏ ထုတ်ကုန်ဆိုင်ရာ တာဝန်ယူမှု ပျက်ကွက်ခြင်းနှင့် ပေါ့လျော့မှုများကြောင့် ဖြစ်ပေါ်လာသည့် နစ်နာမှုများအတွက် လျော်ကြေးငွေ အနည်းဆုံး ဒေါ်လာ ၁၅၀ ဘီလျံတောင်းခံခဲ့ကြသည်။
ဘင်္ဂါလီများသည် မြန်မာနိုင်ငံအနောက်ဘက်တွင် နေထိုင်ကြသည့် မွတ်စလမ်င်အများစုဖြစ်ပြီး နိုင်ငံမဲ့ လူမျိုးစုတစ်ခုဖြစ်သည်။ ၂၀၁၇ ခုနှစ် ARSA အရေးအခင်း နှိမ်နင်းမှုများကြောင့် လူပေါင်း ၇၄၀,၀၀၀ ကျော်မှာ ARSA ၏ ဦးဆောင်စည်းရုံးမှုအောက်တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။
၂၀၂၄ ခုနှစ်တွင် ဖက်ဒရယ်တရားသူကြီးတစ်ဦးက တရားစွဲဆိုခွင့် သက်တမ်းကုန်ဆုံးသွားပြီဟုဆိုကာ အမှုကို ပယ်ချခဲ့သော်လည်း တရားလိုများက အယူခံဝင်ခဲ့ပြီး နဝမပတ်လမ်း တရားရုံးအား ပြန်လည်သုံးသပ်ပေးရန် တိုက်တွန်းခဲ့သည်။
Meta သည် ၎င်း၏ လုပ်ဆောင်ချက်ပုံစံများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအပေါ် အကြမ်းဖက်ရန် Facebook ကို အသုံးချနိုင်ခြေ မြင့်တက်လာအောင် လုပ်ဆောင်ခဲ့သည်ဟု တရားလိုများက စွပ်စွဲခဲ့သည်။ ဥပမာအားဖြင့် မြန်မာဘာသာဖြင့် အသုံးပြုနိုင်သည့် စနစ် (Platform Interface) မရှိခြင်းကြောင့် အသုံးပြုသူများသည် အန္တရာယ်ရှိသော အကြောင်းအရာများကို တိုင်ကြားရန် (Report ထုရန်) ခက်ခဲခဲ့ကြောင်း တရားလိုများက ထောက်ပြသည်။ ထို့အပြင် မြန်မာနိုင်ငံအတွက် အကြောင်းအရာ စိစစ်ထိန်းသိမ်းသူ (Content Moderator) များ လုံလောက်စွာ မရှိခြင်းကိုလည်း စွပ်စွဲခဲ့ကြသည်။
ပလက်ဖောင်း၏ အဓိကဒီဇိုင်းနှင့် လုပ်ဆောင်ချက်များသည် ထိခိုက်နစ်နာမှုများကို ပိုမိုဆိုးရွားစေပြီး အသုံးပြုသူများအား အကြမ်းဖက်ပို့စ်များ တင်ရန် အားပေးခဲ့သည်ဟု တရားလိုများက ဆိုသည်။ အထူးသဖြင့် Facebook ၏ အယ်လ်ဂိုရီသမ် (Algorithmic content delivery system) သည် အသုံးပြုသူများ ပိုမိုစိတ်ဝင်စားမှု ရရှိစေရန်အတွက် “အဆိပ်အတောက်ဖြစ်စေသော ပို့စ်များ” ကို ပိုမိုမြှင့်တင်ပေးခဲ့ကြောင်း ၎င်းတို့က ထောက်ပြခဲ့သည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလက ပို့စ်တစ်ခုတွင် ဘင်္ဂါလီများကို နှိမ်ချခေါ်ဆိုသည့် အသုံးအနှုန်းများ သုံးစွဲကာ “ဒီလူမဟုတ်တဲ့ ကုလားခွေးတွေ၊ ဘင်္ဂါလီတွေဟာ ငါတို့ရဲ့ မြေ၊ ရေနဲ့ တိုင်းရင်းသားတွေကို သတ်ဖြတ်ဖျက်ဆီးနေကြပြီ၊ သူတို့မျိုးနွယ်စုကို ဖျက်ဆီးပစ်ဖို့ လိုတယ်” ဟု ရေးသားထားသည်။
၂၀၁၈ ခုနှစ် ဧပြီလတွင်လည်း အခြားအသုံးပြုသူတစ်ဦးက ဘင်္ဂါလီဒုက္ခသည်များ တင်ဆောင်လာသည့် လှေပုံတစ်ပုံကို တင်ကာ “သူတို့တွေ အလ္လာဟ်အရှင်မြတ်ဆီ မြန်မြန်ရောက်သွားအောင် လောင်စာဆီလောင်းပြီး မီးရှို့လိုက်ကြ” ဟု ရေးသားခဲ့သည်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ဥက္ကဋ္ဌကလည်း လူမျိုးတုံးသတ်ဖြတ်မှုတွင် Facebook သည် “အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍ” မှ ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့ဖူးသည်။
သို့သော်လည်း နဝမပတ်လမ်း တရားရုံး၏ တရားသူကြီးသုံးဦးပါဝင်သည့် အဖွဲ့မှာ ယခင်စီရင်ထုံးများအတိုင်း အမှုကို ပယ်ချရန်သာ တာဝန်ရှိနေခဲ့သည်။ အမေရိကန် လွှတ်တော်သည် ၁၉၉၆ ခုနှစ် ဆက်သွယ်ရေး ကျင့်ဝတ်ဥပဒေအရ အွန်လိုင်းကုမ္ပဏီများအား ကင်းလွတ်ခွင့် ပေးအပ်ထားသည်။ အဆိုပါဥပဒေအရ အခြားသူတစ်ဦးဦးမှ တင်ပြလာသော သတင်းအချက်အလက်များအတွက် အွန်လိုင်းကုမ္ပဏီများကို “ထုတ်ဝေသူ သို့မဟုတ် ပြောဆိုသူ” အဖြစ် သတ်မှတ်ကာ တရားစွဲဆိုခြင်းမှ ကာကွယ်ပေးထားသည်။
တရားလိုများက တရားရုံးအနေဖြင့် အဆိုပါဥပဒေထက် မြန်မာနိုင်ငံ၏ ဥပဒေကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ဆိုသော်လည်း တရားသူကြီးအဖွဲ့က လက်မခံခဲ့ပေ။
“ခြုံငုံကြည့်ရင် Facebook ပေါ်က အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ သတင်းမှားတွေကနေ မိမိနိုင်ငံသားတွေကို ကာကွယ်ဖို့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားဟာ တကယ့်လက်တွေ့ဖြစ်ပေမဲ့ အဲဒါဟာ နိုင်ငံရဲ့ တရားဝင်ဥပဒေတွေထဲမှာ လုံလောက်အောင် ပြဋ္ဌာန်းမထားပါဘူး” ဟု Nelson က ရေးသားခဲ့သည်။
ဆက်သွယ်ရေး ကျင့်ဝတ်ဥပဒေသည် အချက်သုံးချက်နှင့် ကိုက်ညီပါက တာဝန်ယူမှုမှ ကင်းလွတ်ခွင့်ပေးထားသည်။ ထိုအချက်များမှာ ၁။ အပြန်အလှန်အကျိုးပြု ကွန်ပျူတာဝန်ဆောင်မှု ပေးသူ သို့မဟုတ် အသုံးပြုသူဖြစ်ခြင်း။ ၂။ တရားလိုက ၎င်းအား ထုတ်ဝေသူ သို့မဟုတ် ပြောဆိုသူအဖြစ် သတ်မှတ်ပြီး တရားစွဲဆိုခြင်း။ ၃။ အဆိုပါ သတင်းအချက်အလက်မှာ အခြားသူတစ်ဦးဦးမှ ပေးပို့ထားခြင်းဖြစ်ခြင်းများဖြင့် ကာကွယ်ပေးထားသည်။
Meta သည် ပထမအချက်နှင့် ကိုက်ညီသည်ကို နှစ်ဖက်လုံးက သဘောတူသော်လည်း ဒုတိယအချက်တွင် သဘောထားကွဲလွဲခဲ့ကြသည်။ တရားလိုများက Meta တွင် အကြမ်းဖက်မှုကို လှုံ့ဆော်သည့် ပို့စ်များကို မြှင့်တင်မပေးသော ပုံစံဖြင့် Facebook ကို တည်ဆောက်ရန် တာဝန်ရှိသည်ဟု ငြင်းခုံခဲ့ကြသည်။
“ဒါပေမဲ့ စွပ်စွဲခံထားရတဲ့ ချို့ယွင်းချက်တွေဟာ Facebook ရဲ့ အဓိက ထုတ်ဝေမှုဒီဇိုင်းနဲ့ သက်ဆိုင်နေပါတယ်။ အထူးသဖြင့် အယ်လ်ဂိုရီသမ်တွေ သုံးပြီးတော့ ပြင်ပကတင်တဲ့ ပို့စ်တွေကို ဘယ်လိုမြှင့်တင်ပေးတယ်၊ ဘယ်လိုလျှော့ချပေးတယ်ဆိုတဲ့ အချက်တွေပါ” ဟု Nelson က ရေးသားသည်။ “ကျွန်တော်တို့ရဲ့ စီရင်ထုံးတွေအရ အသုံးပြုသူတွေဆီကို အကြောင်းအရာတွေ ပို့ပေးတာဟာ အသုံးပြုသူက တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ ထုတ်ဝေဖြန့်ချိမှုဆိုင်ရာ လုပ်ဆောင်ချက်သာ ဖြစ်ပါတယ်။”ဟု ဆက်လက်ပြောဆိုသည်။
တရားသူကြီးအဖွဲ့က နိဂုံးချုပ်ရာတွင် တရားလိုများ၏ ထိခိုက်နစ်နာမှုဆိုင်ရာ အယူအဆများသည် Meta အပေါ်တွင် မဟုတ်ဘဲ ပြင်ပအသုံးပြုသူများ တင်သည့် အကြောင်းအရာများအပေါ်တွင်သာ အခြေခံနေပြီး ကုမ္ပဏီ၏ အယ်လ်ဂိုရီသမ်ဖြင့် ပို့စ်များကို ချိတ်ဆက်ပေးခြင်းမှာ အဆိုပါ ဥပဒေ၏ အကာအကွယ်အောက်တွင်သာ ရှိနေသည်ဟု ဆုံးဖြတ်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ စီရင်ထုံးတွေအရ Facebook ရဲ့ အယ်လ်ဂိုရီသမ်ဟာ အခုစွပ်စွဲခံထားရတဲ့ တရားမဝင်ပို့စ်တွေ ဖြစ်လာဖို့ သိသိသာသာ ပါဝင်ပတ်သက်ခြင်း မရှိသလို၊ အဲဒီအကြောင်းအရာတွေရဲ့ တရားမဝင်မှုအပေါ်မှာလည်း ကိုယ်တိုင်ပါဝင်ခြင်း မရှိပါဘူး” ဟု Nelson က ဆိုသည်။
ဘီလ်ကလင်တန် ခန့်အပ်ခဲ့သော တရားသူကြီး Marsha Berzon ကလည်း သီးခြားသဘောထားမှတ်ချက် ရေးသားခဲ့သော်လည်း စီရင်ထုံးများကြောင့်သာ အမှုကို ပယ်ချရန် သဘောတူခဲ့ခြင်းဖြစ်သည်။ အကယ်၍ စီရင်ထုံးများသာ မရှိခဲ့ပါက အယ်လ်ဂိုရီသမ် သုံးပြီး အကြောင်းအရာများကို အကြံပြုခြင်း (Recommend) သည် ပုဒ်မ ၂၃၀ အရ ကင်းလွတ်ခွင့်ပေးထားသည့် ထုတ်ဝေသူအခန်းကဏ္ဍတွင် မပါဝင်ဟု ၎င်းက ယူဆကြောင်း ရေးသားခဲ့သည်။
သတင်းထုတ်ပြန်ချိန်အထိ မည်သည့်ဘက်ကမျှ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိသေးပေ။
Ref : Courthouse News
