

MT News
၂၈. ၄. ၂၀၂၆
ပြည်ပရောက်လုပ်သားများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ အလည်လာရောက်လိုပါက မေလ ၁ ရက်မှစတင်ကာ အလုပ်ရှင်ထံမှ ခွင့်စာနှင့် သက်ဆိုင်ရာသံရုံးများထံမှ ထောက်ခံစာယူရမည်ဖြစ်ကြောင်း၊ ခွင့်စာလိမ်လည်တင်ပြပါက အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ခြင်း အသိပေးချက်တွင် ဖော်ပြထားသည်။
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လုပ်ငန်းခွင်များသို့ ပြန်လည်ထွက်ခွာ ခွင့်ပြုပါရန် တရားဝင်ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင်၍ သတ်မှတ်ပုံစံ၊ စာရွက်စာတမ်းအထောက် အထားများနှင့်တကွ လျှောက်ထားလာမှုများအား စိစစ်ပြီး ပြည်ပထွက်ခွာခွင့်များအား Safe Migration Telegram Channel တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည်ဟု အသိပေးချက်က ဆိုသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အချို့အလုပ်သမားအသစ်များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျစုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်း လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်ကာ ခွင့်စာအတုများပြုလုပ်၍ ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထား သောလမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန် ကြိုးစားခြင်းများ တွေ့ရှိရသဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ် စေရေးနှင့် လူကုန်ကူးခံရမှုအပါအဝင် မလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပွားစေရေး စနစ် တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့စိစစ်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများမရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ မလာရောက်မီ အလုပ်ရှင်၏ ခွင့်စာ (Letter of Permission for Leave) ရယူကာ (က) သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက် ၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန်၊ ( ခ ) မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများ အနေဖြင့် အနီးဆုံးနိုင်ငံ သို့မဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ် ဝန်ချုပ်ရုံးများသို့ သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန် ညွှန်ကြားထားသည်။
ထိုသို့ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါ လုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အား အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်သည်ဟုလည်း အသိပေးသည်။
သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင်များထံမှ ခွင့်စာရယူပြီး အထက်ပါအတိုင်း ဆောင်ရွက်၍ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ ထောက်ခံစာနှင့်အတူ ပြည်ပထွက်ခွာခွင့် တင်ပြနိုင်ရေးနှင့် ခွင့်စာအား လိမ်လည်တင်ပြလာပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးကြေညာထားသည်။
