သက်တံ့
၂၈. ၄. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ ပါတုန်ကမ်းခြေ (Patong Beach) တွင် တုက်တုက် (Tuk Tuk) သုံးဘီးဆိုင်ကယ် စီးနင်းနေစဉ်အတွင်း ၎င်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အများပြည်သူရှေ့တွင် ဖော်ထုတ်ပြသခဲ့သည့် နိုင်ငံခြားသား ခရီးသွားတစ်စု၏ လုပ်ရပ်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့က “Phuket Times” Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံများ၌ နိုင်ငံခြားသားခရီးသွားအချို့သည် မောင်းနှင်နေသည့် တုက်တုက်ကားပေါ်တွင် မတ်တပ်ရပ်လျက်၊ ၎င်းတို့နောက်မှ လိုက်ပါလာသည့် ယာဉ်မောင်းသူများကို မျက်နှာမူကာ ဘောင်းဘီများချွတ်၍ အရှက်မဲ့စွာ -င်လှန်ပြနေသည်ကို တွေ့ရှိရသည်။ အဆိုပါ Facebook စာမျက်နှာ၏ ဖော်ပြချက်တွင် “ပါတုန်တွင် -င်လှန်ပြနေကြသည်။ နိုင်ငံခြားသားခရီးသွားများသည် တစ်ယောက်တစ်လှည့်စီ ဘောင်းဘီချွတ်ကာ နောက်မှလိုက်ပါလာသော ယာဉ်မောင်းများကို -င်လှန်ပြခဲ့ကြသည်” ဟု ရေးသားထားသည်။
၎င်းတို့သည် မည်သည့်နိုင်ငံသားများ ဖြစ်သည်ကို အတည်မပြုနိုင်သေးသော်လည်း အဆိုပါလုပ်ရပ်သည် ဒေသခံများနှင့် အခြားခရီးသွားများအကြား ရွံရှာဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အွန်လိုင်းအသုံးပြုသူ အများအပြားက ရဲတပ်ဖွဲ့အနေဖြင့် အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုနေကြပြီး တာဝန်ရှိသူများအနေဖြင့် ခရီးသွားများ၏ အကျင့်စာရိတ္တကို ထိန်းကျောင်းရန် ပျက်ကွက်နေကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
ထိုင်းနိုင်ငံ၏ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၈ အရ အများပြည်သူရှေ့တွင် မလျောက်ပတ်စွာ ကိုယ်ခန္ဓာဖော်ထုတ်ခြင်း သို့မဟုတ် ရိုင်းပျစွာ ပြုမူခြင်းများအတွက် ဒဏ်ငွေ ဘတ် ၅,၀၀၀ ထက်မပိုသော ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဖူးခက်တွင် တုက်တုက်ကားပေါ်၌ ယခုကဲ့သို့ မလျောက်ပတ်သော ပြုမူမှုများမှာ ယခင်ကလည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တုက်တုက်ကားပေါ်၌ လိင်ဆက်ဆံခဲ့သည့် ပြင်သစ်စုံတွဲတစ်တွဲကို ဒဏ်ငွေရိုက်ရုံတင်မကဘဲ ပြည်နှင်ဒဏ်ပေးကာ နာမည်ပျက်စာရင်း (Blacklist) သွင်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဇွန်လများတွင်လည်း ခရီးသွားများ၏ အလားတူ ရိုင်းပျသော လုပ်ရပ်များကြောင့် ယာဉ်မောင်းများက သတိပေးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။ သို့သော် ဖြစ်စဉ်အများစုတွင် မျက်မြင်သက်သေများက တိုင်ချက်မဖွင့်ခြင်းနှင့် အဆိုပါခရီးသွားများမှာ အရေးမယူမီ နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာသွားခြင်းတို့ကြောင့် ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် ခက်ခဲနေကြောင်း သိရသည်။
Ref : Khaosod
