၂၈.၄.၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံ၏ လက်ရှိ ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံတော်၏ ရက် ၁၀၀ စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပထမဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် နှစ်ပေါင်း ၈၀ ကျော်ကြာ ရှည်လျားခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ဖိတ်ခေါ်ထားခြင်းအပေါ် အထူးကြိုဆိုထောက်ခံကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ ဧပြီ ၂၇ ရက်တွင်ထုတ်ပြန်သည့် ငြိမ်းချမ်းရေးသဝဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါ ငြိမ်းချမ်းရေးသဝဏ်လွှာတွင် တိုင်းပြည်၏ ရေရှည်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းအပေါ်တွင် မူတည်နေပြီး ယင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွား၊ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုဘဝလုံခြုံရေးကို အဓိကထား ရှေးရှုကြရန် တိုက်တွန်းအပ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ လက်နက်ကိုင်ပဋိပက္ခများသည် ပြဿနာကို အပြီးတိုင်ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဆင်းရဲဒုက္ခများကိုသာ ပိုမိုရှည်ကြာစေမည်ဖြစ်သဖြင့် ပါဝင်သူအားလုံးအနေဖြင့် အတိတ်က အတွေ့အကြုံများကို သင်ခန်းစာယူ၍ အပြုသဘောဆောင်သည့် နိုင်ငံရေးဆွေးနွေးပွဲများသို့ တက်လှမ်းကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်ကြောင်းလည်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ ငြိမ်းချမ်းရေးသဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ထို့အတူ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းသည် တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ထို့ကြောင့် သက်ဆိုင်သူအားလုံးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းစားပွဲဝိုင်းတွင် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုး စီးပွားကိုထောက်ရှု၍ အနာဂတ်နိုင်ငံတော်အတွက် အတူတကွ လက်တွဲပူးပေါင်း အဖြေရှာကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်ကြောင်းလည်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ထုတ်ပြန်ခဲ့သည်။
