နေမိုး
၂၈. ၄. ၂၀၂၆
ရွှေလိပ်ပြာဟိုတယ်တွင် ကျားဖြန့်လုပ်ကိုင်နေသည်ဟု သတင်းမှားထုတ်လွှင့်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ရွှေလိပ်ပြာဟိုတယ်က ဧပြီ ၂၇ ရက် ရက်စွဲဖြင့် တုံ့ပြန်လိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်က ယခင် 7 Day သတင်းစာ၏ အယ်ဒီတာချုပ်တစ်ဦးဖြစ်ပြီး လက်ရှိအချိန် ထိုင်းနိုင်ငံတွင်နေထိုင်ကာ NUG နှင့် PDF များ၊ EAOs များကို ထောက်ခံသော Exile Media အဖြစ် ရပ်တည်နေသည့် ငြိမ်းငြိမ်းနိုင်၏ People Spring သတင်းဌာနက “ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေ”ဟူသော ခေါင်းစဥ်ဖြင့် သတင်းဖော်ပြခဲ့မှုအပေါ် ရွှေလိပ်ပြာဟိုတယ်က တုံ့ပြန်လာခြင်းဖြစ်သည်။
ရွှေလိပ်ပြာဟိုတယ်၏ တုံ့ပြန်မှုတွင်” မိမိတို့ ရွှေလိပ်ပြာဟိုတယ်သည် ၁၉၉၆ ခုနှစ်မှ စ၍ဖွင့်လှစ်ခဲ့ပြီး ယခုချိန်ထိ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ရွှေလိပ်ပြာဟိုတယ်ကို ပျက်စီးစေလိုသူများမှ သတင်းအမှားများဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆိုလျက်ရှိပါသည်။ ထို့ကြောင့် ခရိုင်ဦးစီးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းပေါင်းစုံမှ ဝင်ရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ မိမိတို့ ဟိုတယ်အား မဟုတ်မမှန် စွပ်စွဲပြောဆိုသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။ ဧည့်သည်တော်ကြီးများအနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် လာရောက်တည်းခိုနိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်” ဟု တုံ့ပြန်ထားသည်ကို တွေ့ရသည်။


